Monday, August 4, 2008

သတိပြုစေချင်ပါတယ်။


လူတွေက ပြောကြတယ် ရှင်ဂွိ က အလွန်ကပ်စေးနည်းတယ်တဲ့။ ရှင်ဂွိက ပြန်ဖြေခဲ့ဖူးတယ်။ အသုံးနဲ့ အဖြုန်းကို ခွဲခြားသိတာပါလို့ ။ မလိုအပ်ပဲ အလဟသဖြုန်းတီးမှုတွေဟာ မရှိတဲ့သူ ငတ်နေတဲ့သူတွေ ကို စော်ကားရာကျတယ်လို့ ။


အခုလို အလေအလွင့်များဖြစ်နေတာ နဲ့ ပါတ်သက်လို့  ရှင်ဂွိပြောချင်နေတာကြာပါပြီ။ ဘယ်အချိန်က စပြီး ဒီအတွေးပေါ်ခဲ့တာလဲဆိုတော့ လွန်ခဲ့တဲ့ ၈ နှစ်ကျော်လောက် က Western Park မှာ တရုတ်မင်္ဂလာဆောင်ညစာ စားပွဲတစ်ခု သွားစားရင်းနဲ့ တွေးမိခဲ့တာပါ။ ဒါပေမဲ့ သိပ်ပြီးလေးလေးနက်နက် မရှိခဲ့ပါဖူး။ အခု နာဂစ် ဖြစ်ပြီးတဲ့နောက် ဘူးဖေး ညစာ တစ်ခု စားရင်းနဲ့  အရင်အတွေးစ ပြန်ပေါ်လာခဲ့ပါတယ်။ ရှင်ဂွိတို့ နေတဲ့ကမ္ဘာမြေကြီးက အရင်းအမြစ်တွေအားလုံးကို ရှင်ဂွိတို့ ကမ္ဘာမြေပေါ်က လူသားအားလုံး မျှတ စားသောက် နေထိုင်ရတာကို မေ့နေတတ်ကြတယ်။ လူဦးရေ တိုးပွားလာတာနဲ့ အမျှ အရင်းအမြစ် (ရေ၊ အခြေခံအစာအာဟာရ) အစရှိတာတွေဟာ မမျှမတဖြစ်လာတယ်။ တစ်ခါတစ်လေ လူတွေက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သုံးတာပဲ။ ရသင့်တဲ့အခွင့်အရေးအကုန်ယူမယ်ပေါ့။ တခြားမှာ ငတ်မွတ်ခေါင်းပါးနေတဲ့သူတွေအတွက် မတွေး ပေးကြဖူး။ ဒါကို သတိပေးချင်ပေမဲ့ ဘယ်ကစလို့ ဘယ်လို ပြောရရင်ကောင်းမလဲ မသိဖြစ်နေတာပါ။

ကံကောင်းလှစွာပဲ ရှင်ဂွိလို တွေးနေမိတဲ့သူတစ်ဦးရဲ့  Power Point တင်ပြချက် ကလေး ကို မိတ်ဆွေတစ်ဦးဆီက ရရှိခဲ့ပါတယ်။ ဘယ်သူ ဘယ်ဝါ ရေးမှန်းမသိလို့ credit မပေးနိုင်တာခွင့်လွှတ်ပါ။ ရှင်ဂွိ ရင်ထဲမှာရှိနေတဲ့ အကြောင်းအရာလေးမို့ လို့ ပြန်လည် လက်ဆင့်ကမ်းလိုက်ပါတယ်။ မူရင်း စီစဉ်ရေးသားပေးတဲ့သူကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ မူရင်း အင်္ဂလိပ်လိုတင်ပြချက်ကလေးကိုပါ ပြန်လည် ထည့်သွင်းပေးလိုက်ပါတယ်။

My great friends
let this not come to you as a surprise,
but it's real
have them living around us and in our neighbourhood today,
we can change it with prayers, and
always lending a helping hand to those in need.
မိတ်ဆွေများရှင့်
အခု အကြောင်းအရာတွေဟာ သင့်အတွက် အံ့အားသင့်ဖွယ် တစ်ရပ် မဖြစ်စေလိုပါဘူး။
ဒါပေမဲ့ ဒါတွေဟာ တကယ့်အဖြစ်အပျက်တွေပါ၊
ဒီလိုအခြေအနေတွေဟာ ရှင်ဂွိ တို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ အိမ်နီးနားချင်းတွေမှာ ရှိနေပါတယ်၊ ဒီအကြောင်းအချက်တွေပြောင်းလဲဖို့ ဆုတောင်းပေးနိုင်သလို လိုအပ်နေတဲ့သူတွေကို တစ်တပ်တစ်အားကူညီဖို့ ကို လဲ အမြဲလိုအပ်နေပါတယ်။

Don't keep this message to yourself,
forward it to your friends, so our friends and all people will
thank NATURE for food and water that they already have.
ဒီသတင်းအချက်အလက်ကို ကိုယ့် ဆီမှာပဲ မသိမ်းဆည်းထားပါနဲ့ 
သူငယ်ချင်းမျာကို လက်ဆင့်ကမ်းပေးပါ။ အဲဒါမှာ ရှင်ဂွိတို့ ရဲ့ မိတ်ဆွေ လူသားအားလုံးဟာ သူတို့ ရရှိနေတဲ့ အစားအစာနဲ့ ရေအတွက် သဘာဝ ကိုကျေးဇူးတင်လာမှာပါ။
This is one more reason
why we have to thank God for the food that we can have easily…
But in the other hand... ironically,
we still waste the food that we buy.
ဒါက ရှင်ဂွိတို့ တွေ အလွယ်တစ်ကူရနေတဲ့ အစားအစာ အတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်တယ် ဆိုတဲ့အကြောင်းပြချက်တစ်ခုပါပဲ။
ဒါပေမဲ့လည်း တစ်ခြားတစ်ဖက်ကနေ (သရော်တဲ့မျက်လုံးတွေနဲ့ ) ကြည့်မယ်ဆိုရင်…
ရှင်ဂွိတို့ တွေဟာ ကိုယ်ဝယ်တဲ့ အစားအစာတွေကို အခုထက်ထိ ဖြုန်းတီးပစ်နေကြတုန်းပါပဲ။

I feel very GRATEFUL for what I have today...
We are so Blessed for the wonderful works of NATURE's hand in our life today,
ဒီနေ့ မှာ ရှိနေတဲ့ ကိုယ့်ရဲ့  ပိုင်ဆိုင်ရရှိမှုတွေအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
ကိုယ်တစ်တွေရဲ့ ဘ၀တွေဟာ ယခုဆိုရင် သဘာဝရဲ့ အံ့သြဖွယ်ရာ လုပ်ဆောင်မှုတွေကြောင့် အလွန်အမင်းကံကောင်းကြပါတယ်။

just think of this....
ဒီတစ်ခုကိုပဲ တွေးကြည့်ပါဦး
I felt very fortunate to live in this part of the world.
ကမ္ဘာရဲ့ ကံကောင်းတဲ့ တစ်ဖက်ခြမ်းမှာနေခွင့်ရတဲ့အတွက် အလွန်ကံကောင်းတယ်လို့  ခံစားရပါတယ်။

I promise I will never waste my food no matter
how bad it can taste and how full I may be.
I promise not to waste water.
I pray that this little boy be alleviated from his suffering.
အဲဒီအတွက်ကြောင့်ပဲ ကိုယ့်ရဲ့ အစားအစာဟာ ဘယ်လောက်ပဲ အရသာ မရှိဖြစ်နေပါစေ ဘယ်လောက်ပဲ ဗိုက်ပြည့်တင်းနေပါစေ ဘယ်တော့မှ အလဟသ မဖြစ်စေဖူးလို့  ကတိပေးပါတယ်။ ရေကိုလဲ မဖြုန်းဖို့ ကတိပေးပါတယ်။ ဒီကလေးလေးဟာ သူ့ ရဲ့  ခံစားနေရမှုတွေမှ လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်။
I pray that we will be more sensitive towards the suffering
in the world around us and
not be blinded by our own selfish nature and interests.
ဒီကမ္ဘာမြေပေါ်က ကိုယ့်ပတ်ဝန်းကျင်မှာ အခုလိုခံစားနေရတဲ့အကြောင်းအရာအပေါ် လူသားအားလုံး ပိုမို စာနာခံစားလာတတ်ပါစေ၊ တကိုယ်ကောင်းဆန်မှုတွေ ကိုယ်ရေးကိုယ်တာတွေရဲ့ ဖုံးလွှမ်းမှုကြောင့် ကြောင်တောင်ကန်း မဖြစ်ပါစေနဲ့ လို့  ဆုတောင်းပါတယ်။

I hope this picture will always serve as a reminder to us
about how fortunate we are and
that we must never ever take things for granted.
ဒီပုံက ရှင်ဂွိတို့ တွေ ဘယ်လောက်ကံကောင်းသလဲဆိုတာနဲ့ ပါတ်သက်ပြီး
ရှင်ဂွိတို့ အားလုံး အမှတ်ထင်ထင်ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အရာရာကို အမှုမဲ့အမှတ်မဲ့ အလုပ်ဖြစ်ဖို့ ကိုလဲ သတိပေးလိမ့်မယ်လို့ ယူဆပါတယ်။
Think & look at this... when you complain about your food and
the food we waste daily...
ကိုယ် စားနေရတဲ့ အစားအသောက်ကို အပြစ်တင်ပြီး အမြဲလိုလို အလေအလွင့်ဖြစ်စေတဲ့ အခါ…..ဒီပုံကို ကြည့်ပြီး စဉ်းစားကြည့်ပါ။

MAY ALL HUMAN BEINGS BE FREE FROM SUFFERING!!!!
လူသားအားလုံး ခံစားနေရတဲ့ ဒုက္ခ ဆင်းရဲများမှ လွတ်မြောက်ပါစေ။

Please don't break this,
keep on forwarding it to all our friends.
ဒီအကြောင်းအရာကို မဖျက်ပစ်ပါနဲ့ ။
ကိုယ်တို့ တွေရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ဆက်လက် လက်ဆင့်ကမ်းပေးပါ။

On this good day,
let's make a prayer for the suffering in any place around
the globe and send this friendly reminder to others.
အခုလို နေ့ ကောင်းရက်မြတ် အခါသမယမှာ
ဒီကမ္ဘာမြေပေါ် မည်သည့်နေရာမှာရှိတဲ့ ဆင်းရဲ ဒုက္ခခံစားနေရတဲ့သူအပေါင်းအတွက် ဆုတောင်းမှုလေးတစ်ခု ပြုလုပ်ပြီး အခြားသူတွေကိုလဲ နွေးထွေးတဲ့ သတိပေးချက်ကလေးကို ပေးပို့ ရအောင်နော်..
ဒီပုံကို ၁၉၉၄ ခု ဆူဒန်မှာ အငတ်ဘေး ကြုံတွေ့ ချိန်ရိုက်ကူးခဲ့ပြီး ပူလစ်ဇာဆု ဆွတ်ခူးခဲ့တဲ့ပုံပါ။ အစာငတ်နေတဲ့ ကလေးငယ်က တစ်ကီလိုမီတာ အဝေးက ကမ္ဘာ့ ကုလသမဂ္ဂ အစာရေစာ ဒုက္ခသည်စခန်းကို တွားသွားနေတဲ့ပုံပါ။
လဒ တစ်ကောင် က ကလေးငယ်သေရင် စားဖို့ အသင့်စောင့်ဆိုင်းနေပါတယ်။ ဒီပုံက တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ကလေးငယ် ဘာဖြစ်သွားလဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ ဓါတ်ပုံဆရာအပါအ၀င်ပါ။ ဓါတ်ပုံဆရာက ဒီပုံကိုရိုက်ပြီးပြီးချင်းလှည့်ပြန်သွားခဲ့ပါတယ်။ နောက်သုံးလအကြာမှာ စိတ်ပျက်မှုများစွာနဲ့  ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။

PLEASE,
ကျေးဇူးပြုပြီးတော့လေ..

MY GREAT FRIENDS,DON'T BREAK THIS CHAIN,KINDLY SEND IT TO SOMEONE YOU LOVE, TO ENABLE HIM OR HER SEE WHAT NATURE HAS DONE IN HIS/HER LIFE COMPARED WITH THESE KIDS' DEPLORABLE CONDITIONS.

သူငယ်ချင်းတို့ ရေ.. အခုပို့ နေတဲ့အကြောင်းအရာတွေကို လက်ဆင့်ကမ်းနေတာ မရပ်လိုက်ပါနဲ့ နော်.. ကျေးဇူးပြုပြီး သင်ချစ်ခင်တဲ့ သူတွေဆီကို ပို့ ပေးပါ။ ဒါမှလဲ သင့်သူငယ်ချင်းတွေဟာ ဒီကလေးလေးတွေရဲ့ လက်မခံနိုင်လောက်တဲ့ ဘ၀တွေနဲ့ ယှဉ်ပြီး သူတို့ ရဲ့ ဘ၀မှာ သဘာဝက ဘယ်လောက်အထိ လုပ်ဆောင်ပေးထားတယ်ဆိုတာကို ပိုမိုသိမြင်လာမှာပါ။

ဆက်ဖတ်မယ်နော်

Saturday, July 19, 2008

အဆင်မပြေနိုင်တဲ့ အမှန်တရားများ (၃)

ရှင်ဂွိလဲ ရွာရိုးကိုးပေါက် လျောက်သွားနေတာနဲ့  ရုပ်ရှင်အကြောင်းပြောနေတာ ရပ်သွားတယ်။ အခု အားတုန်း နဲနဲ ဆက်လေပေါလိုက်ဦးမယ်။

ပြည်တွင်းစစ်ကာလထဲက အပူချိန်တွေကို တိုင်းလာခဲ့တာ အပူဆုံး နှစ် (၁၀) ဟာ လွန်ခဲ့တဲ့ (၁၄) နှစ် အတွင်းမှ ဖြစ်ခဲ့သတဲ့။

ကမ္ဘာကြီးပူနွေးလာတာကြောင့် ပင်လယ်သမုဒ္ဒရာတွေ လဲ ပူနွေးလာတယ်။ နောက်ဆက်တွဲ အနေနဲ့ က ပြင်းထန်တဲ့ မုန်တိုင်း တွေကို ဖြစ်စေတယ်ဆိုပဲ။

ဂျပန်မှာ ၂၀၀၄ ခုနှစ် တစ်နှစ်ထဲမှာ ပဲ တိုင်ဖုန်း မုန်တိုင်း (၁၀) ခု အထိဖြစ်ပြီး စံချိန်ချိုးခဲ့တယ်။ သိပ္ပံ ဖတ်စာအုပ်တွေ ထဲမှာ တောင် အတ္တလန္တိတ် သမုဒ္ဒရာမှာ ဟာရီကိန်း မုန်တိုင်း မဖြစ်နိုင်ဖူးလို့  ပြောခဲ့ပေမဲ့ အဲဒီနှစ်မှာပဲ ဟာရီကိန်း မုန်တိုင်း ဟာ ပထမဦးဆုံးအကြိမ် ဘရာဇီးမှာ ၀င်တိုက်သွားတယ်။ ၂၀၀၅ နွေရာသီ မှာ အလွန် ပူပြင်းခဲ့ပြီးတဲ့နောက် အမ်မလီ၊ ဒန်းနစ် နဲ့ ကက်တရီးနာ မုန်တိုင်းတွေ ဖြစ်ခဲ့တယ်။ ကက်တရီးနာ မုန်တိုင်းဟာ ဖလော်ရီဒါကို ဖြတ်တဲ့အချိန်မှ အဆင့်တစ် ပဲရှိတဲ့ မုန်တိုင်း တစ်ခုပါ။ မုန်တိုင်းဟာ ပူနွေးတဲ့ရေအပေါ် ဖြတ်ကျော်တဲ့အခါ ရေအပူချိန် မြင့်တက်လာတယ်။ အပူစွမ်းအင် ကို ရယူပြီးတော့ မုန်တိုင်းဟာ ပိုအားပြင်းလာတယ်။ လေတိုက်နှုံးပိုလာတယ်။ စိုထိုင်းဆ ပိုများလာတယ်။ အကျိုးဆက်ကတော့ မုန်တိုင်းနောက်ဆက်တွဲ လူပေါင်းများစွာ အသက်ဆုံးရှုံးရပြီး ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။

အင်း .. ရှင်ဂွိတို့ မြန်မာပြည်မှာ မဖြစ်စဖူး နာဂစ်
လာမွှေ သွား ခဲ့တာ အဲဒါကြောင့် နေမှာ ပေါ့နော်။ သစ်ပင်တွေ မရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ က ပိုများ၊ ရာသီဥတု က မမျှ။ အဲဒါ ဘယ်သူ့ ကို အပြစ်တင်ရမှာလဲဟင်။

မစ္စတာ အယ်ဂိုးကတော့ ပြောတယ်။ “မျိုးဆက် တစ်ခုပြီးတစ်ခု၊ လွန်ခဲ့တဲ့ ရာစု နှစ်များစွာက ပြုလုပ်ခဲ့တဲ့ အမှားတွေ ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကျနော်တို့ မတောင်းဆိုပဲနဲ့  တွေ့ ကြုံနေရတာပါ။ ဒါတွေကို ကျော်လွှားဖို့ ရာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အရင်ကလို သက်တောင့်သက်တာ နေလို့  မရတော့ပါဘူး။ ” ရှင်ဂွိတို့ နဲ့ အပ်စပ် လိုက်တာ။ စောင်းပြောတာများလားမသိဖူး။ ဒီ ရာစုနှစ်အတွင်း လုပ်ခဲ့တဲ့ အမှားတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ယနေ့ ရှင်ဂွိတို့  အားလုံးခံစားနေရတာပါ။ ဒီ နှစ် ငါးဆယ် အတွင်း အရှေ့  တောင် အာရှရဲ့  အချမ်းသာဆုံး တိုင်းပြည်အဖြစ်ကနေ ဆင်းရဲမွဲတေပြီး ဖွံ့ ဖြိုးမှု အနည်းဆုံး တိုင်းပြည် ဖြစ် သွားစေတဲ့၊ ပညာရေး အဆင့်အတန်းကို ပိုမို နိမ့်ကျသွားစေတဲ့၊ လုပ်ရပ်တွေကို ရှင်ဂွိတို့  ဒီအတိုင်း လက်သင့်ခံ နေရတော့မှာလား။ ရှင်ဂွိတို့ အားလုံးညီမယ်ဆိုရင် ကျော်လွှားဖို့  ဖြစ်နိုင်ပါတယ်။ စိတ်ဓါတ်နဲ့ လုံ့ လ ၀ိရိယ ရှိဖို့ လိုပါတယ်။ ရှင်ဂွိတို့ တွေ သက်တောင့် သက်သာ အလိုက်သင့် မျောနေဖို့ အချိန်မဟုတ်တော့ပါဘူးနော်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်သမုဒ္ဒရာက ရေခိုးရေငွေ့ ကို ပိုမို အငွေ့ ပြန်စေပြီး မိုးရွာသွန်းမှုကို ပိုစေတယ်။ တပြိုင်နက်ထဲမှာပဲ တခြားဒေသတွေ မှာတော့ မြေဆီလွှာထဲက စိုစွတ်မှု တွေကို အငွေ့ ပျံစေ ပြီး ခြောက်သွေ့ ရပ်ဝန်းဖြစ်စေတယ်။ အလက်စကာ ရေခဲကန္တာရ မှာ လွန်ခဲ့တဲ့ ၃၅ နှစ်က ရေခဲပြင်ပေါ်မှာ ကားမောင်းနိုင်လောက်တဲ့ရေခဲတဲ့ရက်ဟာ တစ်နှစ်မှာ ၂၂၅ ရက် ရှိခဲ့ပေမဲ့ ယနေ့ အခါမှာတော့ ၇၅ ရက်အောက်ကို ရောက်နေပါပြီ၊ ဒါတွေ ဟာ ကမ္ဘာကြီးပူနွေးလာနေတယ် ဆိုတဲ့ သက်သေပါပဲ။

ကမ္ဘာကြီးပူနွေးလာတာကြောင့် ရေခဲကျောက်ဆောင်တွေ ပြိုကျတာနဲ့ အမျှ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှာပါ။ အကယ်
သာ အန္တာတိကတိုက်က ရေခဲကျောက်ဆောင်တွေ အရည်ပျော်သွားခဲ့ရင် ပင်လယ်ရေ မျက်နှာပြင် ပေ (၂၀) အထိ မြင့်တက်လာနိုင်ပါတယ်။ ဂရင်းလန်း မှာဖြစ်ခဲ့ရင် လဲ ထို့ နည်းတူပါပဲ။ ဖလော်ရီဒါ ဆန်ဖရန်စစ္စကို တို့ မှာ အခုလို ဖြစ်သွားနိုင်ပါတယ်။ ကမ္ဘာ့ ကုန်သွယ်မှု ဗဟို အထိမ်းအမှတ်နေရာ ဟာလဲ ရေအောက်ထဲ ရောက်သွားမှာပါ။ နယ်သာလန်လို အနိမ့်ပိုင်းတိုင်းပြည်တွေကလဲ လုံးဝ ဥသုံ ပျက်ဆီးသွားမှာပါ၊ ဘေဂျင်း ပတ်ဝန်းကျင်က လူ (၁၀) သန်းကျော်၊ ရှန်ဟိုင်းတစ်ဝိုက်က လူ သန်း (၄၀) ကျော်၊ ကာလကတ္တားနဲ့ အရှေ့ ဘင်္ဂလားဒေ့ရှ်က လူ သန်း (၅၀) ကျော် နေထိုင်ပါတယ်။ ဒီလိုလေဘေးကြောင့် ဒုက္ခသည် လူပေါင်း သန်းနဲ့ ချီပြီး ရွှေ့ ပြောင်းနေထိုင်ရမဲ့ အဖြစ်ကို မှန်းကြည့်ပါဦးနော်.. ဘုရား၊ ဘုရား၊ ဒါတွေကို လျစ်လျူရှု ပြီး ရှင်ဂွိတို့ မိုက်တွင်း နက်နေကြတုန်းပါ။ ဥပမာ တရုတ်ပြည်မှာ လူဦးသန်း ၁၃၀၀ အတွက် လောင်စာ စွမ်းအင် ပိုမို လိုပါလာတယ်။ အကျိုးအမြတ်များတဲ့ မီးသွေး လုပ်ငန်းအတွက် ခုတ်ထွင်တဲ့ သစ်ပင် အရေအတွက် ဟာ အတော်ကို များပြားလှပါတယ်။ ဓါးသွားထက်က ပျားရည်စက်လိုပါပဲ။ ရလိုက်တဲ့ အမြတ်အစွန်းက ပျားရည်စက်ပေမဲ့ နောက်ဆက်တွဲ ပြသနာတွေက ဓါးသွားထက် ပိုချွန်ရှပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ကလေးတွေ အမြောက်အများ မွေးလိုက်ပါတယ်။ baby booming လို့ ခေါ်ကြတယ်။ အဲဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲ အနေနဲ့ က လူဦးရေ ဟာ သန်း (၂၀၀၀) ကို ဖြစ်သွားစေတယ်။ လူဦးရေ တိုးပွားမှု နှုံးဟာ ပိုမို မြင့်တက်လာခဲ့တယ်။ အခုဆို လူဦးရေ သန်း (၆၅၀၀) ဖြစ်နေပါပြီ။ ဒီလူသားတွေရဲ့  အစားအသောက်လိုအပ်ချက်၊ ရေလိုအပ်ချက်၊ အခြားလိုအပ်ချက်တွေ ပိုမိုများပြားလာတာနဲ့  အမျှ ကမ္ဘာမြေကြီးရဲ့ ထိခိုက်လွယ်တဲ့ သယံဇာတ အရင်းအမြစ်တွေကို ဖိအားပေး ရယူလာပါတယ်။ ပိုဆင်းရဲ တဲ့ နိုင်ငံတွေမှာ ပိုထိခိုက်ပါတယ်။ ရှင်ဂွိတို့  တိုင်းပြည်ကိုပဲကြည့်လေ၊ ပိုက်ဆံမရှိတဲ့အတွက် သစ်တောတွေကို ခုတ်ရောင်းရတယ်။ ရာသီဥတု မမျှမတ ဖြစ်စေတယ်။ ရှင်ဂွိတို့ ဆီက ထွက်တဲ့ ရေနံသဘာဝဓါတ်ငွေ့ ကို ရှင်ဂွိတို့  မသုံးနိုင်ဖူး။ ရှင်ဂွိတို့ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ ကြီးတွေမှာတောင် လျှပ်စစ်မီး ပုံမှန်မရဖူး။ အဲဒီတော့ ထင်းကို လောင်စာအဖြစ်သုံးရတယ်။ သစ်တော ခုတ်ထွင်မှု ပိုများလာတယ်။ ရှင်ဂွိတို့ ဆီက ရေနံ သဘာဝ ဓါတ်ငွေ့ တွေ ကျတော့ ထိုင်း၊ တရုတ်၊ တောင်ကိုးရိယား အစရှိတဲ့ တိုင်းပြည်က ရေနံ ကုမ္ပဏီကြီးတွေက လက်ဝါးကြီး အုပ် ထားတယ်။ ဒါတွေ ဟာ မျက်မြင်ပဲလေ။

တိုးတက်လာတဲ့လူသားစွမ်းအင်ကို အသုံးချတဲ့နေရာမှ နောက်ဆက်တွဲဖြစ်လာမဲ့ အကျိုးဆက်ကို စဉ်းစားဖို့  မစ္စတာ အယ်ဂိုးက ရှရုားမှာ ဖြစ်ပျက်ခဲ့တဲ့ ဥပမာလေးကို ပြပြီးပြောသွားခဲ့ပါတယ်။ အာရှအလယ်ပိုင်းက မြစ်နှစ်စင်းဟာ အာရယ်ပင်လယ်ထဲကို စီးဝင်ပါတယ်။ အာရယ်ပင်လယ်ဟာ ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံးကုန်းတွင်းပင်လယ် တစ်ခု ဖြစ်ခဲ့တာပါ၊ ဒါပေမဲ့ အဲဒီ မြစ် (၂) စင်းကို ဆိုဗီယက် ယူနီယံက ၀ါစိုက်ခင်းတွေဆီ ရေသွယ်ဖို့ မဆင်မခြင် မြစ်တွေကို လမ်းလွှဲခဲ့တဲ့အခါ ဆည်မြောင်းဖောက်လိုက်တဲ့ အခါမှာ ကုန်းတွင်းပင်လယ်က ခမ်းပြီး သဲသောင်ထွန်းသွားပါတယ်။ ငါးဖမ်းလုပ်ငန်းရဲ့ အကျိုးဆက် ဘယ်လို ဖြစ်သွားမလဲ။
ရှင်ဂွိတို့ အားလုံးရဲ့ စုပေါင်းအာရုံကြောစနစ်ဟာ ဖားတစ်ကောင်ရဲ့ အာရုံကြောစနစ်လိုပါပဲ။ ဖားတစ်ကောင်ဟာ ဆူပွက်နေတဲ့ ရေနွေးအိုးထဲကို ခုန်ဝင်မိတဲ့အခါ ချက်ချင်း ပြန်ခုန်ထွက် လာပါလိမ့်မယ်။ ပူတယ်ဆိုတဲ့ အန္တရာယ်ကိုသိလိုက်လို့ ပါ။ ခပ်နွေးနွေးပဲရှိတဲ့ အိုးထဲ ၀င်လိုက်တဲ့အခါ ဖားဟာခံနိုင်ပါတယ်။ အပူချိန်ဟာ တဖြေးဖြေး မြင့်တက်လာပြီး ဆူမှတ်ကို ရောက်လာရင်တောင် ဖားဟာ မရွေ့ ပဲဆက်ထိုင်နေမှာပါ။
ဖားက အပူချိန်ကို ကျင့်သား ရသွားလို့ ပါတဲ့။ ဖားကို ကယ်တင်ဖို့ အရေးကြီးပါသတဲ့။ အင်း ကောင်းပဲ ကောင်းသေးရော့။ မစ္စတာ အယ်လ်ဂိုးကတော့ ကမ္ဘာကြီးပူနွေးလာခြင်းကို လူတွေ မတုန့် ပြန်တာနဲ့  ပတ်သက်ပြီး ပြောလိုက်တာလေးပါ။ အင်း ရှင်ဂွိကတော့ ဒီလိုတွေးတယ်။ ရှင်ဂွိတို့ မြန်မာပြည်ထဲက လူတွေ ကရော ဒီဖားနဲ့ ဘာထူးလို့ လဲ။ တဖြည်းဖြည်း ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ မတရားမှုတွေ လာဘ်စားမှုတွေ မြင်တွေ့  နေပေမဲ့ ရိုးနေပြီလေ။ ဒီလို အုပ်ချုပ်မှုအောက်မှာပဲ နေသားတကျ နဲ့ ။ တစ်နေ့ ထက် တစ်နေ့ ပိုဆင်းရဲ မွဲတေလာတာလဲ ဂရုမစိုက်။ အရင်က စားခဲ့ရတဲ့ အစားအသောက် အရည်အသွေးနဲ့  မတူတော့ပဲ ယနေ့ ရနေတဲ့ အစား အသောက်ရဲ့ အရည်အသွေး တဖြည်းဖြည်း နိမ့်ကျလာတာကိုလဲ မသိ။ ကလေးတွေ ပညာရေး တစ်စစ နဲ့ နိမ့်ဆင်း လာတာကလဲ အရေးမကြီး။ တစ်နေ့  တစ်နေ့  ၀မ်းတခါး အတွက် ရုန်းကန်ရင်း တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ ပြောင်းလဲမှုတွေ၊ အခြား တိုင်းပြည်တွေမှာ ဖြစ်ပေါ်နေတဲ့ တိုးတက် မှုတွေကို သတိမမူနိုင်တဲ့ အခြေအနေ သက်သက်ပါပဲ။

နောက်တစ်ချက် ရုပ်ရှင်ထဲမှာ ဖော်ပြသွားတဲ့အချက် တစ်ခု ကို အလွန်သဘောကျမိပါတယ်။ လူတွေ က ကိုယ့် ကို မထိခိုက် သေး သရွေ့ မနာတတ်ဖူး ဆိုတဲ့ အချက်ကလေးပါပဲ။ မစ္စတာ အယ်လ်ဂိုး အဖေ မှာ ဆေးရွက်ကြီးခြံ ရှိပါတယ်။ ဆေးလိပ်နဲ့  အသက်မွေးဝမ်းကျောင်း တဲ့သဘောပါ။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်စေတယ် လို့  တွေ့ ရှိချက် တွေ ထွက်ပေါ်လာတာလဲ အလေးမထားခဲ့ပါဘူး။ ဆေးရွက်ကြီးလုပ်ငန်းကို လုပ်မြဲလုပ်ဆဲပါပဲ။ မစ္စတာ အယ်လ်ဂိုးရဲ့ တစ်ဦးတည်းသော အစ်မ အဆုတ်ကင်ဆာနဲ့  အသက်ဆုံးရှုံးတော့မှ မစ္စတာ အယ်လ်ဂိုး အဖေ အမြင်မှန်ရပါတယ်။ ရှင်ဂွိတို့ ရဲ့ တိုင်းပြည်မှာ အရေးပါ အရာရောက်တဲ့ သူတွေကရော ဘယ်တော့မှ နောင်တရကြ မှာလဲ။ ဘိန်းစိုက်ခင်းတွေ။ မူးယစ်ဆေး ရောင်းဝယ်တာတွေ။ တစ်လောကပဲ ကြားလိုက်ရတာ။ မူးယစ်ဆေး အရောင်းအ၀ယ်လုပ်တာ နိုင်ငံတော် အကြီးအကဲ တစ်ယောာက်ရဲ့ သားတဲ့။ ဟော သူတို့  အချင်းချင်း ဖြုတ်ထုတ်သတ်ချင်တော့ မှ အဲဒီကိစ္စ ပေါ်လာတယ်။ အရင်ကရော ဘာလို့  မသိရတာလဲ။ ဒါက တစ်ခုပဲရှိသေးတယ်နော်။ တခြား ကိစ္စတွေ ရှိသေးတယ်။ တိုင်းပြည်ရဲ့  သယံဇာတ ကို သွေးစုပ် ရောင်းချနေတာတွေရော။ ပြောရရင် အများကြီးပါ။ ကိုယ့် သိက္ခာ ကို ကိုယ်ပဲ ရှက်ဖို့ လိုပါတယ်။

ဒီအစက်ကလေးဟာ ရှင်ဂွိတို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးပါ။ အာကာသကနေ မိုင် သန်း ၄၀၀၀ အကွာကနေရိုက်ထားတာပါ၊ ဒီကမ္ဘာမြေပေါ်မှာပဲ အောင်မြင်မှုအားလုံး ပူဆွေး ၀မ်းနည်းဖွယ်ရာအားလုံး၊ စစ်ပွဲအားလုံး၊ ငတ်မွတ်ခေါင်းပါးမှုအားလုံး၊ အဓိက ကျတဲ့တိုးတက်မှုတွေ အားလုံးဖြစ်ခဲ့ပါတယ်။ ရှင်ဂွိတို့ အားလုံးနေထိုင်တဲ့ တစ်ခုတည်း သောအိမ်ပါ။ ဒီကမ္ဘာမြေပေါ်မှာ ယဉ်ကျေးတဲ့ လူ့ အဖွဲ့ အစည်းအဖြစ် အနာဂတ်မှာ တည်ရှိနေဖို့ ရှင်ဂွိတို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီလိုပါပဲ။ ကမ္ဘာမြေကြီးပေါ်က အမိမြန်မာပြည် အောင်မြင်ဝင့်ကြွားစွာ အနာဂတ်မှာရပ်တည်သွားနိုင်ဖို့ ရှင်ဂွိတို့  အားလုံးမှာ တာဝန်ရှိပါတယ်။


ဇာတ်ကားရဲ့ နောက်ဆုံးပိတ် အသိမ်းမှာ ပြောကြားခဲ့တဲ့ စကား တစ်ခုပါ၊ သိပ်ကောင်း ပါတယ်။ ပြတင်းတံခါးကို ဖွင့်ပြီး ကြည့်ကြည့်ပါ။ ဒါဟာ သင်တို့ ဆက်လက်နေထိုင်ရမဲ့ အနာဂတ်ပါပဲ။ အကယ်၍ အနာဂတ် မျိုးဆက်သစ်တွေက “ကျွန်တော်တို့ မိဘတွေ ဘာတွေ စဉ်းစားခဲ့ကြသလဲ။ သူ တို့ မှာ အခွင့်အရေးတစ်ခု ရှိနေခဲ့တဲ့ အချိန်မှာ ဘာဖြစ်လို့  မနိုးထခဲ့ကြတာလဲ။ ” ဆိုတဲ့ မေးခွန်းများကို တစ်နေ့ မှာ မေးလာကြနိုင်ပါတယ်။ သူတို့  ဆီက မေးခွန်းကို အခု ရှင်ဂွိတို့ တွေ ကြားသင့်ပါတယ်တဲ့။ အင်း ရှင်ဂွိတို့ လဲ နောင်လာနောက်သားတွေ အဲဒီလို မေးခွန်းများ မမေးလာနိုင်အောင် လုပ်သင့်တဲ့အလုပ်များ ကို ယနေ့ ပဲစတင် လုပ်ဆောင်ကြပါစို့ လားနော်။

ဆက်ဖတ်မယ်နော်

Friday, July 11, 2008

အဆင်မပြေနိုင်တဲ့ အမှန်တရားများ (၂)

ရှင်ဂွိ တိုင်ပတ်နေတာ ရုပ်ရှင် တောင် ဘယ်နေရာက်သွားပါလိမ့်။ မစ္စတာ အယ်ဂိုးရေ.. ရုပ်ရှင်ဘယ်နား ရောက်နေပြီလဲ။ ဟုတ်ကဲ့ ရောက်နေတဲ့ နေရာကို မှီအောင် ခပ်တိုတိုပဲ ပြောပြတော့မယ်။ ဒီကြားထဲမှာ ရှင်ဂွိ လျာရှည်မိရင် ခွင့်လွှတ်နော်။

ကမ္ဘာကြီးပူနွေးလာမှုရဲ့  အစ လေထုညစ်ညမ်းမှုက လို့ ဆိုပါလား။ ကမ္ဘာကြီး နဲ့ ယှဉ်ရင် ကမ္ဘာမြေကြီးကို ဖုံးလွှမ်း ထားတဲ့ လေထု အလွှာက ပါးပါးလေးတဲ့။ ဒါပေမဲ့ လေထု ညစ်ညမ်းမှုကြောင့် လေထု အလွှာပါးက ထူလာတယ်။ နေရောင်ခြည်က ထွက်လာတဲ့ အလင်းတန်းဟာ ကမ္ဘာမြေကို ပူနွေးစေတယ်။ အဲဒီ အလင်းလှိုင်းထဲက တစ်ချို့ ဟာ အနီအောက် ရောင်ခြည် (infrared wave) အဖြစ် ပြန်လည် ဖြာထွက်တယ်။ အဲဒီ အနီအောက်ရောင်ခြည်တွေဟာ ညစ်ညမ်းမှု တွေကြောင့် ထူထပ်လာတဲ့ လေထု အလွှာကို ဖောက်မထွက်နိုင်တော့ပဲ ပိတ်မိ နေတယ်တဲ့။ အဲဒါကြောင့် ကမ္ဘာကြီး ပူလာတာတဲ့။

ညစ်ကျယ်ကျယ်လေးတွေးလိုက်တယ်…လေထုညစ်ညမ်းမှုဆိုတာ လေလည်တာ များလား.. ဘူ.. ဟုတ်ပေါင်။ အဲ နဲနဲ တော့ ထပ်ရှင်းရလိမ့်မယ်ထင်တယ်နော်။ လေထု ညစ်ညမ်းမှုမှာ တရားခံက greenhouse gases တွေတဲ့။ အဓိက ကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့  တဲ့လေ။ ရှင်ဂွိလေးတန်းတုန်းက သင်ရတယ်။ အဲဒီ ကာဗွန် ဒိုင်အောက်ဆိုဒ် ဆိုတဲ့နာမည်။ အောက်ဆီဂျင် နဲ့  ကာဗွန်ဒိုင်အောက်ဆိုဒ်။ နာမည်နှစ်ခု ကို ရောသွား လို့  စာမေးပွဲကြီးမှာ အမှန်အမှား ထင်ရာခြစ်ခဲ့တာ။ မေမေ က စာမေးပွဲ အပြီး အိမ်ပြန်လာတော့ မေးခွန်းစာရွက်ကို ကြည့်ပြီး သမီး ဘယ်လိုဖြေခဲ့လဲဆိုတော့ မေမေ့ကို ပြန်ပြောပြတာ ဇောက်ထိုးတလွဲ ပေါ့။ အဲဒါကြောင့် အဲဒီနာမည်ကို အမှတ်ထင်ထင်ကို ရှိနေတာ။ ရှင်ဂွိကလဲ လျှာရှည်လိုက်တာ။ လိုရင်းကို မရောက်နိုင် တော့ဘူး။ ဟဲဟဲ … လျှာရှည်တာ အမေမွေးကထဲကပါဆို။ အဲ …. ပြောချင်တာက အဲဒီ အောက်ဆီဂျင်နဲ့  ကာဗွန်ဒိုင်အောက်ဆိုဒ် ဘာကွာလဲဆိုတာပါ။ လူတို့  အသက်ရှင်ရန် အရေးကြီးဆုံးမှာ အောက်ဆီဂျင်ဓါတ်ငွေ့ ဖြစ်သည်တဲ့ (ဟိုးခေတ် လေးတန်း ဖတ်စာအုပ်ထဲက အတိုင်းရွတ်လိုက်တာပါ။ အခုတော့ ဖတ်စာအုပ်က ဟိုလျော့ ဒီလျော့၊ သမိုင်းကိုလဲ ဟိုပြင် ဒီပြင်ဆိုတော့ ဒီအတိုင်းပဲ ရှိနေဦးပါ့မလားလို့ ၊ တော်ကြာ လူတို့  အသက်ရှင်ရန် အရေးကြီးဆုံးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖြစ်သည်လို့ များ ဖြစ်နေဦးမယ်.. အဟီး)။ လူတွေက အောက်ဆီဂျင် ကို ရှူတယ်။ ကာဗွန် ဒိုင်အောက်ဆိုဒ် ကို ပြန်ထုတ်တယ်။ သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူတယ်။ အောက်ဆီဂျင် ကို ပြန်ထုတ်ပေးတယ်။ အဲဒီအခါကျတော့ လူနဲ့ သစ်ပင် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီနေကြတယ်။ အဲဒီမှာ သိပ္ပံ ပညာရှင် တွေက ကမ္ဘာမြေကြီးမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းတာကြည့်တော့ နှစ်တိုင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်က မြင့်လာလိုက် နိမ့်သွားလိုက် တစ်နှစ်တကြိမ် ပုံမှန် ဖြစ်တယ်။ ကမ္ဘာ့  မြောက်ဖက်ခြမ်းမှာ မြေထုထည်ပိုများတယ်။ အဲဒါနဲ့ အမျှ အပင်လဲ ပိုများတာကိုတွေ့ ပါရောလား။
ကမ္ဘာကြီးက ၂၃ ၁/၂ ဒီဂရီစောင်းပြီး လည်နေတယ်ဆိုတာ သိ နေပြီးသားနော်။ ကမ္ဘာ့  မြောက်ဖက်ခြမ်း နေဖက်ကို စောင်းတဲ့ အချိန်မှာ နွေရာသီဖြစ်လို့  အပင်တွေ ရွက်သစ်ဝေ တယ်။ ကာဗွန် ဒိုင်အောက်ဆိုဒ် လျော့တယ်။ ကမ္ဘာ့ တောင်ခြမ်း နေဖက်ကို စောင်းတဲ့အချိန်ကျတော့ မြောက်ဖက်က ဆောင်းရာသီ ဖြစ်သွားရော။ အဲဒီမှာ မြောက်ဖက် က သစ်ရွက်ကြွေတယ်။ ကာဗွန် ဒိုင် အောက်ဆိုဒ် ကို မစုပ်နိုင်တော့ဘူး။ အဲဒီအခါ ကာဗွန် ဒိုင်အောက်ဆိုဒ် ပိုများလာတယ်။ ဒီမှာတင် သစ်ပင်တွေရဲ့ အရေးပါပုံဟာ အရမ်းကို သိသာနေလိုက်တာ။ သစ်ပင်တွေများ မရှိတော့ရင် ဒွတ်ခ နဲ့ လှလှ တော့ တွေ့  မှာပါပဲ။ ရှင်ဂွိ ငယ်ငယ်က သတင်းစာထဲမှာ သစ်တောဦးစီးဌာန က ထုတ်တဲ့ ဆောင်ပုဒ် ကလေးတွေကို သတိရမိပါတယ်။ အပင်စိုက်ကြဖို့  ပါ၊ အဲဒီလို အားပေးနေတဲ့သူတွေရှိပေမဲ့ ဘာလို့ များ ခုတ်ထွင်မှုတွေကို မတားနိုင်ရတာလဲ။ (သေချာပါတယ်။ အမိန့်  ကို မလွန်ဆန်ရဲ လို့ ပါ.. ဘယ်သူ့ အမိန့် များပါလိမ့် )။ ရုပ်ရှင်ရဲ့ နောက်ပိုင်း တစ်နေရာမှာ ကာဗွန် ဒိုင် အောက်ဆိုဒ် ပမာဏ မြင့်တက်လာရခြင်း အကြောင်းရင်းတွေထဲမှာ သစ်တောပြုန်းတီးမှု၊ တော မီးလောင်ကျွမ်းမှုတို့ ကို ထည့်သွင်းပြောသွားခဲ့ပါတယ်။ အခုလို သစ်တော ပြုန်းတီးမှု တွေ ထဲမှာ နိုင်ငံရေးဟာ ဘယ်လောက်အထိ ပါဝင် ပတ်သက်နေသလဲဆိုတာ ကို စစ်တပ် အုပ်ချုပ်ရေးအောက်က ဟေတီနိုင်ငံနဲ့ ဒိုမီနီကန် ရီပါ့ဘလစ် နှစ်နိုင်ငံ နယ်နမိတ်ကြားက သစ်တော လေးက ဥပမာပါပဲ။

ကဲကဲ ကမ္ဘာကြီးပူနွေးတော့ရော ဘာဖြစ်မှာလဲ..လွန်ခဲ့တဲ့ အလယ်ခေတ်တွေတုန်းကလဲ ပူနွေးမှုတွေဖြစ်ခဲ့တာပဲ။ အဲကွန်းရှိ အေးတာပါပဲ။ ခပ်ပေါ့ပေါ့လေး ပြောလိုက်လို့ ရပါတယ်။ အလယ်ခေတ်တွေမှာ မြင့်တက်ခဲ့တဲ့ အပူချိန်ဟာ ယနေ့ ကာလနဲ့ ယှဉ်ရင် ဘယ်လိုမှ နှိုင်းယှဉ်လို့ တောင် မရနိုင်ပါဘူး။ ကြည့်ကြည့်ပါ။ ယနေ့ ကာလရဲ့ အပူချိန်မြင့်တက်မှုကို၊

အခုလို ပူနွေးလာတဲ့ အကျိုးဆက်တွေက ဒီမှာပါ၊

ရေခဲကျောက်ဆောင်များက သမိုင်းကို ပြန်လှန်ပြောနိုင်ပါတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်က ကာဗွန်ဒိုင်အောက်ဆိုဒ် လေထု သန့် ရှင်းမှု ဥပဒေ ထုတ်ပြန်ခဲ့တဲ့ နှစ် နောက်ပိုင်း ကွဲပြားမှု တွေကို မျက်စိနဲ့ မြင်သာလောက်တဲ့အထိ ကို သိသာလွန်းလိုက်တာ၊ ရေခဲအူတိုင်ကနေ နှစ်တစ် နှစ် ချင်းစီ မှာ ဖြစ်ခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို သိနိုင်သလို အပူချိန်ကိုလည်း ပြန်တိုင်းတာလို့ ရသတဲ့။ အခုပုံမှာ ကြည့်လိုက်ပါဦး။ ကာဗွန် ဒိုင်အောက်ဆိုဒ် နဲ့ အပူချိန် ဘယ်လောက်ထိ ဆက်နွယ်နေလဲဆိုတာကို။


လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ သိန်းခွဲမှာ ကာဗွန်ဒိုင်အောက်ဆိုင် ပမာဏ ဟာ ပမာဏ တစ်သန်းမှာ ပမာဏ ၃၀၀ ကို မကျော်ခဲ့ပါဘူး၊ အခု ယနေ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ ဟာ အထိ မြင့်တက်နေပါပြီ၊ ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် လာမယ့် နှစ် ၅၀ အတွင်းမှာ အထိ တက်သွားနိုင်ပါသတဲ့။ မစ္စတာ အယ်လ်ဂိုးက တော့ ပြောသွားပါတယ်၊ “တကယ်လို့ သာ ကျွန်တော်တို့ ဒီလိုအဖြစ်မျိုး ဖြစ်ခွင့်ပေးလိုက်မယ်ဆိုရင် လူ့ ကျင့်ဝတ်ကို ချိုးဖောက် တာပါပဲ”တဲ့။ ရှင်ဂွိတို့ ရော အဲဒီလို လူ့ ကျင့်ဝတ် ချိုးဖောက်တဲ့သူတွေထဲမှာ ပါနေပြီလား။ မသိလို့ ချိုးဖောက်မိတာကိုရော ခွင့်လွှတ်နိုင်မှာလား။ မသိရင် သိအောင် လုပ်ပေးဖို့ က ရှင်ဂွိတို့ အားလုံး တာဝန်ဖြစ်နေပြီနော်။

အယ်လ်ဂိုးပြောသွားတဲ့အထဲမှာ စကားလေး တစ်ရပ်က သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။ “အောင်မြင်မှုတွေဟာ တကယ့်အောင်မြင်မှုစစ်တွေ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ ရှုံးနိမ့်မှုတွေ ဟာလည်း စစ်မှန်တယ် ကျဆုံး ရှုံးနိမ့်မှုတွေ မဟုတ်ပါဘူး”တဲ့။ ရှင်ဂွိသွားတွေးမိတာ တစ်ခု ရှိတယ်။ လူတွေ က ကြိုးစားနေလိုက်ကြတာ၊ နောက်ဆုံးတော့ ကြိုးစားခြင်းရဲ့ ပန်းတိုင်ဟာ သေဆုံးမှုပါပဲ။ ရှင်ဂွိတို့ မြတ်ဗုဒ္ဓ ဟောခဲ့တာက “ငါ” ဆိုတာ မရှိဘူးတဲ့။ မြန်မာပြည်ရဲ့ ၈၉ % က ဗုဒ ဘာသာဝင်တွေ အများစုပြောကြတာက “ငါ” လှူမှ “ငါ” ရမှာတဲ့၊ နောင် ဘ၀ ပါဖို့ တဲ့။ မရှိတဲ့ “ငါ” ကြီး က ဘယ်က ရောက်လာတာလဲ။ ရှင်ဂွိတော့ ကောင်းကောင်း နားမလည် နိုင်ဘူး။ (သိတဲ့သူတွေ ရှင်းပြပေးစေချင်ပါတယ်)။ တစ်ခါ လှူလိုက်တာ ဘုရား၊ ကျောင်းကန်တွေမှာ အဓိကပဲ။ ငတ်နေတဲ့သူ တွေ ပညာရေးချို့ တဲ့တဲ့ ကလေးတွေကို ဂရုတစိုက်နဲ့ လှူတာ အချိုး ချ ကြည့်ချင်တယ်။ ရန်ကုန်မှာဆို အရွယ်မရောက်သေးတဲ့ ခလေးငယ်တွေကို ခေါ်ခိုင်းထားတဲ့ လက်ဖက်ရည်ဆိုင်တွေ ထမင်းဆိုင်တွေ များမှများ။ အိမ်ဖော်ဆိုလည်း ထို့ နည်းတူပါပဲ။ ၁၀နှစ် ၁၂ နှစ် ၀န်းကျင်လေးတွေ။ ရှင်ဂွိ က ဘုရားမလှူရဘူး၊ သံဃာကို မလှူရဘူးလို့ မပြောပါဘူး။ ဒါပေမဲ့ ဗုဒ္ဓ ဘာသာဝင် အတော်များများ ပြောလေ့ရှိတာလေး တစ်ခုပါ။ ဒါန ပြုရာ မှာ မျိုးစေ့ကောင်းမှ အပင်သန်သတဲ့။ သူတော်ကောင်းကို လှူတာ ပိုမြတ်သတဲ့၊ ပို အကျိုးများသတဲ့။ အင်း.. လှူတာတောင် အကျိုး နဲရောင်း၊ များရောင်းလုပ်နေသေးတယ်။ တကယ် ငတ်ပြတ်နေတဲ့သူ ပညာမသင်နိုင်တဲ့ ကလေးတွေ၊ ဘ၀ မှာ ကံမကောင်းတဲ့သူတွေ က အကုသိုလ် ကောင်တွေလား။ လောက ကြီး သတ်မှတ်တဲ့ အောင်မြင်မှု ရှုံးနိမ့်မှု စံညွှန်းတွေနဲ့ ၊ လူတွေရဲ့  ဦးတည်ချက်တွေကိုရှင်ဂွိလဲ လိုက်မမှီ တော့ပါဘူး။ မမြဲတဲ့ရာထူး စည်းစိမ်တွေမက်ပြီး လူထုအတွက် မကြည့်ပဲ ငါထင်ရာ ငါ တကော ကောနေတဲ့သူတွေ ကိုကြည့်ရင်း သံဝေဂ ရမိပါတယ်။

နောက်ထပ် မစ္စတာ အယ်လ်ဂိုးပြောသွားတာလေးတစ်ခုပါ။ “ကျွန်တော် တန်ဖိုး အထားဆုံး အရာဟာ ပျောက်ဆုံးဖို့ အခွင့်အလမ်းများနေပါတယ်။ ကျွန်တော် သိရှိခံစားမိချိန်မှာ ဆုံးရှုံး လုနီးပါးဖြစ်နေပါပြီ။ ကျွန်တော်တို့ သတိလက်လွတ်ဖြစ်လိုက်လို့  ကျွန်တော်တို့ ရဲ့  ကလေးတွေ အတွက် မကျန်တော့၊ မရှိတော့ပါဘူး” တဲ့လေ။ မစ္စတာ အယ်လ်ဂိုးက ရှင်ဂွိတို့  တွေ ပေါ့ဆ တဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် မြင့်တက်လာရတယ်၊ ကမ္ဘာ့  အလှဆုံး ရေခဲကျောက်ဆောင်တွေ ပျောက်ကွယ်ကုန်တယ်။ ကို ဆိုလိုချင်တယ်လို့  ယူဆရပါတယ်။ တိုင်းပြည်ရဲ့ ရှိစုမဲ့စု သယံဇာတတွေနဲ့ ပြည်သူလူထု ရဲ့ အခွန်အခတွေကို အခွင့်အခါသင့်တုန်း မတရား သုံးစွဲနေတဲ့ အခွင့်ထူးခံ အုပ်စု ကလဲ သဘောတူပါလိမ့်မယ်။ သူတို့ မယူရင် သူတို့  ကလေးတွေ အတွက် မကျန်နိုင်ဘူး။ မိုးရွာတုန်းရေခံရတယ်လို့  ပြောမှာပါ။ ဒါပေမဲ့ သူတို့ ကို မေးချင်တာလေး ရှိပါတယ်။ မမြဲတဲ့ “ငါ” နဲ့  “ငါ့မိသားစု” အတွက် ဘာလို့ များ အကုသိုလ်တွေ ယူနေပါလိမ့်။ ကိုယ်ပတ်ဝန်းကျင် ဒုက္ခရောက်ဆင်းရဲ နေတာကို မြင်ရက်တာ ဘယ်လို အတွေးအခေါ်နဲ့ ဆက်လက် ရပ်တည်နေလဲဆိုတာကိုပါ။ ရှင်ဂွိတို့ က ရော ရှင်ဂွိတို့ တိုင်းပြည် အနာဂါတ်အတွက် လုပ်ဆောင်မလား။ အသာအယာ ရေစီးထဲမှာပဲ အလိုက်သင့် မျောလိုက်ကြမလား။ အားလုံးကို သတိပေးပါရစေ.. ရှင်ဂွိတို့ အခုချိန်မှာ မလုပ်ဆောင်ရင် ရှင်ဂွိတို့ ရဲ့ ကလေးတွေ အတွက် ဘာမှ ကျန်ရှိတော့မှာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ သစ်တော၊ ရေနံ၊ သဘာဝ ဓါတ်ငွေ့ ၊ ကျောက်စိမ်း နဲ့ ပတ္တမြားအစရှိတဲ့ ပြည်တွင်းထွက် ကျောက်မျက်ရတနာတွေ .. ကလေးတွေ အတွက် ချန်ထားပါဦး။ နောင် အနာဂါတ်ကို ကြီးစိုးမဲ့ ကလေးတွေ အတွက် စဉ်းစားစေချင်ပါတယ်။

အင်းပြောရတာ မောလိုက်တာ.. နောက်နေ့ တွေမှ ဆက်တော့မယ်။

ဆက်ဖတ်မယ်နော်

Thursday, July 10, 2008

အဆင်မပြေနိုင်တဲ့ အမှန်တရားများ (၁)

ရှင်ဂွိ က ပွဲကြိုက်သလို ရုပ်ရှင်လဲ သိပ်ကြိုက်ပါတယ်။ ဒီနေ့ တော့ ကြည့်မိတဲ့ ရုပ်ရှင်ကားတွေ ထဲက စိတ်ထဲမှာ စွဲထင်ကျန်နေခဲ့တဲ့ တခြားသူတွေကို မျှဝေချင်တဲ့ ဇာတ်ကားလေး တစ်ခု အကြောင်း နဲ့  ရုပ်ရှင်ကြည့်ရင်း ရလာတဲ့ ခံစားချက် ကလေးများကို ပြောပြပါရစေ။ အဲဒီ ရုပ်ရှင်ကား က ‘An inconvenient truth’ အဆင်မပြေနိုင်သော အမှန်တရား တစ်ခု လို့ အဓိပ္ပါယ် ရတဲ့ ဇာတ်ကားလေး ပေါ့။

အဲဒီရုပ်ရှင်ကားဟာ အမေရိကန် နိုင်ငံ ဒုတိယ သမ္မတဟောင်း အယ်ဂိုး ရဲ့  တင်ပြချက်တွေကို စုစည်းထားတဲ့ ရုပ်ရှင်ကားလေး တစ်ခုပါ၊ ၂၀၀၆ ဆန်းဒန့်  ရုပ်ရှင်ပွဲတော်မှာ စတင် ပြသခဲ့ပြီး ထိုနှစ် နိုဝင်ဘာလ ထဲမှာ ဒီဗွီဒီ အခွေအနေနဲ့ ဖြန့်  ဝေခဲ့တာပါ။ ငါ အိပ်မောကျနေရာမှ နိုးထဖို့  လိုနေပီ ဆိုတဲ့သီချင်းအတွက် အကောင်းဆုံးသီချင်း၊ ရုပ်ရှင်ကားအတွက်က အကောင်းဆုံး မှတ်တမ်းတင် ဇာတ်ကား အနေနဲ့  အကယ်ဒမီ ဆု ဆွတ်ခူးခဲ့ပါတယ်။ မစ္စတာ အယ်ဂိုး ကတော့ နိုင်ငံတကာဆိုင်ရာ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားတဲ့ အဖွဲ့ နဲ့  အတူ ပူးတွဲပြီး ၂၀၀၇ အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရခဲ့ပါတယ်။

ဇာတ်လမ်း စစချင်းမှာ အေးချမ်းလှတဲ့ သဘာဝ ပါတ်ဝန်းကျင် မြင်ကွင်းတွေနဲ့  ကမ္ဘာမြေကြီးမှာ အေးချမ်း သာယာမှုတွေနဲ့ ပြည့်နေပေမဲ့ တစ်ချို့ ပြောင်းလဲမှု တွေကို သတိ မမူမိပဲ မေ့လျော့နေတဲ့ အကြောင်း နောက်ခံစကားပြောလေးနဲ့  စတင်ဖွင့်သွားပါတယ်။

အဲဒီနောက်မှာ ကမ္ဘာ မြေကြီးကို အာကာသ မှ မြင်ရပုံကို ပြရင်း လူသားတွေက ကမ္ဘာမြေ အပေါ် စိတ်ဝင်စားမှု ဘယ်လို တိုးတက်လာ တယ် ဆိုတာ ကို အစပျိုး လိုက်တယ်။







တဆက်ထဲမှာပဲ မစ္စတာ အယ်လ်ဂိုး ရဲ့  ၆ တန်းတုန်းက အတန်းဖော်တစ်ယောက် က တောင်အမေရိက တိုက်ရဲ့ အရှေ့ ဖက် ကမ်းရိုးတန်း အနားသတ်နဲ့  အာဖရိကတိုက်ရဲ့  အနောက်ဖက် ကမ်းရိုးတန်း (၂) ခု

ဆက်စပ်နေသလားလို့ မေးခဲ့တဲ့ ကျောင်းသားကို ပြက်ရယ် ပြုခဲ့တဲ့ဆရာ ဟာ လက်ရှိမှာ ရာထူးကြီးကြီး နေရာ ကောင်းကောင်းရနေပေမဲ့ ကျောင်းသား ကတော့ ဆေးသမား အဖြစ် နဲ့  ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မဖြစ်ပဲ ဘ၀ ကို အဆုံးသတ်သွားတာကို နှိုင်းယှဉ် ပြောဆို သွားပါတယ်။ တကယ့်ကို စဉ်းစားစရာ ကောင်းတဲ့ အချက် တစ်ခုပါ။
တကယ်တမ်း ကျောင်းသားငယ် တွေးထင်ထားတာ က အမှန်ဖြစ်နေပြီး ဆရာ ယူဆထားတဲ့ အယူအဆ ဟောင်း က မှားနေတာ နောက်ပိုင်းမှာ သက်သေ တွေ ရှိလာပေမဲ့ အချိန်ဟာ နှောင်းခဲ့ပါပြီ။ လူငယ်တွေရဲ့  တွေးခေါ်နိုင် စွမ်းအားကို သမားရိုးကျ အယူအဆဟောင်းနဲ့  ပိတ်ဆို့  တားဆီး ထားတဲ့ အတွက်ကြောင့် တွေးခေါ်မြော်မြင်မှု ရှိတဲ့ တိုင်းပြည် (ကမ္ဘာ မြေကြီး) ကို အကျိုးပြုနိုင်မဲ့ လူငယ် တစ်ယောက် ဆုံးရှုံးသွားတာကို အမှတ်မထင် သင်ယူ လိုက်ရပါတယ်။ ရှင်ဂွမ်းဂွိ လဲ ကိုယ်တွေ့ အဖြစ်အပျက်နဲ့  ပြန်နှိုင်း ကြည့်မိတယ်။

ရှင်ဂွိတို့  ငယ်ငယ်က ဆရာ ဆရာမ ဆို သိပ်ကြောက်ရတာ။ လူကြီး တွေ မိဘတွေကို လဲ သိပ်ကြောက်ရတာပဲ။ လူကြီးပြောတာ အမှန်ပဲ။ မေးခွန်း ထုတ်ရင်လဲ ဒီကလေး ပေါက်ပေါက်ရှာရှာ သိပ်မေးတာပဲ လို့  အပြောခံ ရတတ်တယ်။ နောက်ပြီး လူကြီး ပြောတာ အမှန်။ လူကြီးကို ခံပြောရင် အာပဲ့တတ်တယ်...အစရှိတာတွေ ကို အမြဲကြားခဲ့ဖူးပါတယ်။ ကလေး တွေ ရဲ့ တွေးခေါ်မှုကို အားပေးတဲ့ မိသားစု ၀န်းကျင်ဆိုတာ သိပ်မရှိ လှပါဘူး။ အလိုလိုက်ခံထားရတဲ့ ကလေး အနည်းစုမှာပဲ ဒီ အခွင့်အရေး ရနေ ပါတယ်။ (အနောက် နိုင်ငံက ကလေးတွေ က ပို အခွင့်အရေး ရပါတယ်။ လူမကြောက်ပဲ ပြောရဲဆိုရဲ ရှိတာကို ပိုတွေ့  ရပါတယ်။) ဒီ အခြေအနေရဲ့  နောက်ကွယ် မှာ ဘာဖြစ်လာသလဲဆိုတော့ ကလေး တွေက တွေးဖို့  ၀န်လေး လာပါတယ်။ ပြန်လှန် မေးခွန်း မထုတ်ချင်တော့ဘူး။ လူကြီး တွေ ပြောတာကို ပြန်လည် မသုံးသပ်တော့ပဲ လူကြီးက ပြောနေတာပဲ အမှန်ပဲ ဖြစ်မှာပါပေါ့ ဆိုတဲ့ အလွယ်တကူ လက်ခံလိုတဲ့ အတွေးမျိုးတွေ ပိုလာပါတယ်။ နောက်ဆုံး မှာ ကိုယ့်ဦးနှောက်ကို အသုံးချတဲ့ အလေ့ အထ ကိုယ်ပိုင် စဉ်းစားတွေးခေါ်တဲ့ အလေ့ အထ မရှိသလောက် လျော့ကျလာတာပေါ့။ ဒီကလေးတွေဟာ တဖြည်းဖြည်း ကြီးလာတော့ လုပ်ငန်းခွင်ထဲမှာလဲ အထက်လူကြီးစကားကို မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ ပြန် ဆန်းစစ်မဲ့အစား နားအေးအောင် လက်ခံလိုက် တာတွေ ပိုများလာပါတယ်။ လူကြီးတွေဖက်က လဲ ပြန်လှန် မေးခွန်းထုတ် တဲ့သူ မရှိတော့ ငါထင်တာ အမှန်ပါပဲဆိုပြီး တဖက်သတ် ယူဆချက် တွေကြောင့် ဆုတ်ယုတ်မှုတွေ ပိုများနိုင်တယ်လေ။ ရှင်ဂွိတို့  တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်တဲ့ နေရာမှာ ဒီအချက်တွေကို သတိပြု စေချင်ပါတယ်။ နောက်ထပ် ဖြစ်နေတာ တစ်ခု က ပြန်သုံးသပ် ဝေဖန်တဲ့ အောက်လက် ငယ်သားကို မကြိုက်ပဲ ဖိနှိပ်တာမျိုးတွေ လဲ နေရာ အနှံ့  မှာရှိပါတယ်။ အထက်လူကြီး နဲ့  အောက်လက် ငယ်သား အမှန်အမှား ငြင်းတဲ့အခါ အများစုက နှာစေးနေတယ်။ ဘာမီတွန် သောက် ပျောက်တယ် လေကွယ်၊ ဘာမီတွန်လေး များ မရနိုင် တော့ ဘူးလား။ နဲနဲ လေး အသံလေးထွက်ကြပါဦး။ အမှန်တရားကို အာဏာနဲ့ ဖိနှိပ်လို့ ရတယ်တဲ့လား၊ အမှန်ကို မှန်တဲ့အတိုင်း မပြောရဲတော့ဘူးလား။ ပြောလို့ မဖြစ်တော့ဘူးလား၊ အမှန်တရားဆိုတာ ဒီလောက မှာ မရှိတော့ဘူးလား။ ဒီအတိုင်းပဲ ရေစုန်မျောကြမှာလား။

ရှင်ဂွိလဲ တွေးမိတွေးရာတွေးလိုက်တာ ရုပ်ရှင်ဇာတ်လမ်းတောင် ဘယ်ရောက် သွားပါလိမ့်။ အဲအဲ ဟုတ်ပီ… အဲဒီ သူငယ်ချင်းအကြောင်းပြောရင်းနဲ့  မစ္စတာ အယ်လ်ဂိုး ညွှန်းဆိုလိုက်တဲ့ ရှေး အဆိုအမိန့်  တစ်ခု က ‘ကျွန်တော်တို့ ကို ပြဿနာ ဖြစ်စေတာက ကျွန်တော်တို့ မသိကြလို့  မဟုတ် ပါဘူး။ ကျွန်တော်တို့ သေသေချာချာသိတယ် လို့ ထင်ထားတဲ့အချက်တွေ က မှားယွင်းနေလို့ ပါ‘ တဲ့… အိုး ကောင်းလိုက်တဲ့ စကား၊ ပညာရှိတွေများ ပြောတတ်လိုက်တာ။ အဲဒီလို အဖြစ်မျိုး လက်တွေ့  ဘ၀ထဲမှာ အများကြီးပါ။ ရှင်ဂွိတို့ တိုင်းပြည်မှာ နိုင်ငံရေး စီးပွားရေး ပညာရေးမှာ တိုးတက်မှုတကယ်ရှိရဲ့  လား။ ကဲကဲ..လွတ်လပ်ခွင့်မရှိတဲ့ သတင်းစာ မှာ ရေးထားတဲ့ ကမြောက်ကခြောက်တွေကို ယုံကြည်ပြီး ဒါ အမှန်ပါ လို့  ဆိုနေတဲ့ သူတွေရေ...ကိုယ်သိထားတာလေး တွေ ဘယ်လောက်အထိ မှန်ကန် သလဲ၊ မျက်စိလေး ဖွင့်ကြည့်ဖို့  လိုနေပါပြီ။ နောက်တစ်ခါ အထက် လူကြီး ပြောသမျှ အမှန်ပါ လို့  ဆိုနေတဲ့ သူတွေကိုလဲ မိမိတို့  သိထားတာ လေး တွေ ကို လက်တွေ့ နဲ့ ဘယ်လောက်အထိ ကိုက်ညီနေပါသလဲ ပြန်ဆန်းစစ်ဖို့  အတွက် သတိပေး ပါရစေ။

မစ္စတာ အယ်ဂိုး က နောက်ထပ် လွဲမှားနေတဲ့ အယူအဆ ကို ထပ်မံ ပြော သွား ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုဟာ ပြောသလောက်မဟုတ်ပါဘူး။ ကမ္ဘာ မြေကြီး က အလွန်ကြီးတဲ့အတွက် ကမ္ဘာ့  ပတ်ဝန်းကျင်မှာ ဖြစ်လာတဲ့ ဒုက္ခ ပြဿနာ တွေကို ကြာရှည်ခံစားရမှာမဟုတ်ဘူး ဆိုတဲ့ အယူအဆ မှားကို လူတွေ ထဲမှာ ရှိနေတဲ့အကြောင်းပေါ့။ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပါတ်သက်ပြီး ပြောလိုက်တာ ဖြစ်ပေမဲ့ ရှင်ဂွိကလဲ မနေနိုင်မထိုင်နိုင် ကိုယ့်တိုင်းပြည်က အချို့  သော လူတွေကို ရွဲ့ ပြောနေသလား လို့  ထင်မိပါတယ်။ ဂွိတို့ ဆီ မှာလဲ အဲဒီလို လူတွေ ရှိနေပါတယ်။ မြန်မာပြည်ကြီး မဆင်းရဲပါဘူး။ သယံဇာတ ပေါမှပေါ။ နောက်ပြီး ဒီအခုလို ဖြစ်ပျက် နေတာကိုလဲ လူတွေ က စိတ်မ၀င်စားပါဘူး။ မနေနိုင် မထိုင်နိုင် အော်နေတဲ့ သူတွေက အော် နေတာပါလို့ ပြောနေသံတွေကို ကြားမိတဲ့ အတွက်ပါ။ အထူးသဖြင့် ကိုချာပတ်တူး တို့ လို လူမျိုးတွေပေါ့လေ။ (တို့ ဗမာတွေ ဆင်းရဲ နေတယ် ဆိုတာ ပြောသလောက် မဟုတ်ပါဘူး။ မြန်မာပြည်ကြီး က သယံဇာတ အလွန်ပေါကြွယ်တဲ့အတွက် မြန်မာပြည်မှာ ဖြစ်နေတဲ့ ဒုက္ခ ပြဿနာ တွေကို ကြာရှည် ခံစားရမှာမဟုတ်ဘူးပေါ့ လေ ဟတ်လား..) ကံကောင်းလို့ ဘ၀ မှာ အဆင်ပြေနေတော့ ကျန်တဲ့သူတွေ ဘာဖြစ်နေလဲဆိုတာ မသိတော့ပါဘူး။ နိုင်ငံခြား ပညာတော်သင် လာရောက်တဲ့သူ တွေ အထဲမှာ မြန်မာပြည်က အသက် ၇၀ ကျော် အရပ်ဝတ် ၀န်ထမ်းတွေ နှစ်ပေါင်း ၃၀ ကျော် ၄၀ နီးပါး နိုင်ငံ့တာဝန် ထမ်း လာခဲ့ပြီးတဲ့အခါ ပင်စင် လစာ ဘယ်လောက်ရသလဲ ဆိုတာကို စိတ်မ၀င်စား လို့  မသိတဲ့သူတွေ ရှိပါတယ်။ မြန်မာပြည်ထဲက ကလေးငယ် တွေ အရွယ်မတိုင်ပဲ တရားမ၀င် ထိုင်းနိုင်ငံဖက် ကူး အလုပ်လာလုပ် နေရတာကို မေ့လျော့နေတဲ့သူတွေ ရှိပါတယ်။ ကမ္ဘာကြီး ပူနွေးလာတာ ငါတို့ နဲ့ ဘာဆိုင်လို့ လဲ။ မြန်မာပြည်ထဲက လူတွေ ဒုက္ခ ရောက်နေတယ် ဆိုတာလဲ ငါတို့ နဲ့ ဘာဆိုင်လို့  လဲ။ ကိုယ့်ထမင်း ကိုယ်စားပြီး ဂျီးတော် နွားကျောင်းတဲ့သူတွေ လို့ တကိုယ်ကောင်း ဆန်စွာ တွေးနေ ပြောနေတဲ့ သူတွေကို ဘယ်လိုများ စည်းရုံး လို့ ရနိုင်ပါလိမ့်… မစ္စတာ အယ်ဂိုးရေ အဖြေလေးများရှိရင် မ စ ပါဦး၊ (မေးသာ မေးရတယ်။ ရှိမယ်လဲ မထင်ပါဘူး။ ရွေးကောက်ပွဲမှာ ဒီလောက်အခြေအနေ ကောင်းနေခဲ့ တာတောင် ဘုရှ် အစ်ကို အုပ်ချုပ်တဲ့ ဖလော်ရီဒါ ပြည်နယ်မှာ မနိုင်လို့  သမ္မတ မဖြစ်ခဲ့တာ မဟုတ်ဘူးလား)။

မှတ်မှတ်ရရပေါ့နော်..။ တစ်နေ့ မှာ ရှင်ဂွိ ဘန်ကောက်မြို့ တော်ကြီးကို အလည် တစ်ခေါက် ရောက်တုန်း ညဖက် လမ်းဘေးဆိုင် တစ်ဆိုင်မှာ ထမင်းစား ပါတယ်။ အဲဒီအချိန်မှာ ပန်းလာရောင်းတဲ့ ကလေးမလေးက ၁၀ နှစ် ၁၁ နှစ်လောက်ပါ။ ရှင်ဂွိအသံ စွာကျယ်ကျယ်ကို ကြားတဲ့အခိုက်မှာ ကောင်မလေးက ဗမာမှန်းသိပြီး လှည့်ထွက်မယ် အလုပ်....ရှင်ဂွိနဲ့ အတူပါလာတဲ့ မိတ်ဆွေက အဲဒီ ကလေးမ လေးကို ဗမာမှန်း သိတော့ လှမ်းခေါ်ပြီး ဗမာလိုပြောပါတယ်။ ကောင်မလေးက ပန်းရောင်းမကုန်ရင် ပြန်လို့ မဖြစ်တဲ့အကြောင်း၊ မနက် ၃ နာရီ ၄ နာရီလောက်မှ ပန်းရောင်းလို့  ပြီးတဲ့ အကြောင်းကို ပြောပါတယ်။ ရှင်ဂွိ စိတ်မကောင်း ဖြစ်လွန်းလို့ ချက်ချင်း ချုံးပွဲချ ငိုမိတယ်။ အခြား မိတ်ဆွေ တစ်ယောက် ကိုလဲ မနေနိုင်မထိုင်နိုင် သွားရင်ဖွင့်မိတယ်။ အဲဒီ အရွယ်ခလေးလေး တွေက ပညာသင်ရမဲ့အချိန် ပညာ မသင် နိုင်ကြောင်း၊ ရှင်ဂွိတို့ ရဲ့ တိုင်းပြည် အနာဂါတ်ဟာ ယနေ့  လူငယ်များ အပေါ် မူတည်ကြောင်း၊ ရှင်ဂွိတို့ က ဒီကလေးတွေ ကို မစောင့်ရှောက် မပျိုးထောင် နိုင်ရင် နောင် တစ်ချိန် တိုင်းပြည် ဘယ်လို ဖြစ်မလဲ၊ အခု ကလေးမလေး ဆို မကြာခင် အပျိုအရွယ်လေး ရောက်တော့ မယ် တရားဝင် နေထိုင်ခွင့်ကလဲမရှိ နောက်ထပ် ဘာတွေ ဖြစ်လာမလဲ အစရှိသဖြင့် ပြောမိတဲ့အခါ အဲဒီ ရင်ဖွင့်မိတဲ့ နောက်မိတ်ဆွေ က မြန်မာပြည်မှာ လုပ်စားလဲ ရသားနဲ့  သူ့  မိဘတွေ လျှာရှည်ပြီး တရားမ၀င် ရွေ့  ပြောင်း အလုပ် လာလုပ်တာ၊ ရှင်ဂွိနဲ့ ဘာဆိုင်လဲတဲ့။ ကိုယ့်သားသမီးကို ပဲ ကောင်းအောင် မွေးရမှာတဲ့ ပြောတဲ့ စကားကြောင့် ရှင်ဂွိ ခါးခါးသီးသီးကို စိတ်ပျက်သွားရပါတယ်။ ကိုယ့်အသိုင်းအ၀ိုင်း ကွက်ကွက် ကလေး အဆင်ပြေ နေရုံနဲ့  တစ်နိုင်ငံလုံးက လူတွေ ပညာတတ်ရော ပညာ မတတ်တဲ့သူတွေ ပါ အဆင်ပြေနေပြီလို့ ထင်နေပါ သလားရှင်။ နောက်ပြီး ကိုယ်အဆင်ပြေနေရုံနဲ့  ကိုယ့်ပတ်ဝန်းကျင် အဆင်မပြေ ရင်ကော ဖြစ်နိုင် ပါ့မလား။ အိမ်ရှေ့ ပူ အိမ်နောက် မချမ်းသာတဲ့။ ရှင်ဂွိတင်မက ပါဘူး နိုင်ငံခြား ရောက်နေတဲ့သူ အတော်များများက အိမ်ပြန်ချင် တဲ့သူ ချည်းပါပဲ။ မတတ်သာလွန်းလို့  သာ ၀မ်းရေးအတွက် ကိုယ့်မြေ ကိုယ့်ရေနဲ့ ဝေးတဲ့ အရပ်မှာ စွန့် စွန့် စားစား လုပ်ရောက် အသက်မွေးနေရတာပါ၊ ပျော်လွန်းလှလို့ တော့မထင်ပါနဲ့ ။ ဘန်ကောက်ရွှေမြို့ တော်ကြီးမှာ computer programmer တစ်ယောက်ရဲ့  တစ်လ ၀င်ငွေဟာ ဘတ် ၄ သောင်းခွဲ အထက်မှာ ရှိသလို စင်္ကာပူမှာ စင်္ကာပူ ဒေါ်လာ ၃၂၀၀ အထက်မှာ ရှိပါတယ်။ အရင်းအနှီး မတတ်နိုင်တဲ့ မြန်မာပြည်က ကွန်ပြူတာ programmer တစ်ယောက်ဟာ မဲဆောက်မြို့ မှာ တရားမ၀င် လာရောက် ပြီး တရားမ၀င် အလုပ်သမားအနေနဲ့  အလုပ် လာရှာတာကို ကြုံဖူးပါတယ်။ မြန်မာပြည်မှာ ပညာတတ်တွေ အတွက် တောင် အဲဒီလောက် အလုပ်ရှားပါးရင် ပညာမတတ် တဲ့တွေ အတွက် ရော အလုပ် က ထင်သလောက် ပေါပါ့မလား၊ ရှင်ဂွိလဲ စိတ်ပျက် လက်ပျက်ပဲ အဲဒီ မိတ်ဆွေနဲ့  စကားပြောတာ ရပ်လိုက်ပါတယ်။ ပြောရတာလဲ မောလိုက်တာ (ဟုတ်ပေါင် ရေးရတာ လက်ညောင်းလိုက်တာ..) ရုပ်ရှင်ကို အကြောင်းကို နောက်နေ့  တွေမှ ပဲဆက်တော့မယ်။ မစ္စတာ အယ်လ်ဂိုးရေ… တာ့တာနော်။


ဆက်ဖတ်မယ်နော်

Wednesday, June 25, 2008

ဘယ်သူ့ အတွက်လဲ..

အလုပ်တွေများနေတာနဲ့ ရေးချင်တာတွေ ကို မရေးဖြစ်ဖူး၊ အခု အချိန်လေးနဲနဲ ခိုးပြီး အတွေ့  အကြုံလေး တစ်ခု ဖောက်သည်ချ ချင်လို့ ပါ..

ရှင်ဂွိ က မအားလွန်းလို့ သာ ရှောင်နေရတယ်၊ ပွဲဆိုရင် သိပ်ကြိုက်၊ ငယ်ငယ် ကဆို ရွှေတိဂုံ တပေါင်းပွဲ၊ ကျိုက္ကဆံ ကွင်း မှာလုပ်တဲ့ ပြည်ထောင်စုနေ့ ပွဲတွေ ဆို မလွတ်တမ်းပဲ။ အတန်းတင် စာမေးပွဲကြီး ဘယ်လောက်နီးနီး နေ့  တိုင်းလိုလို ပွဲခင်းထဲမှာပဲ။ တစ်နေ့  ဖုံမှုန့် မရှူရရင် ကို စားမ၀င်၊ အိပ်မပျော်... နောက်ပြီး ဇာတ်ပွဲတွေကို နောက်ဖေးပေါက်က တောင် ၀င်ကြည့်ဖူးတယ်။ မြို့ တော် သိန်းအောင် ဇာတ်အဖွဲ့ က ရှင်ဂွိတို့ မိသားစုနဲ့  ခင်တော့ အလကားဝင်ကြည့်လို့ ရတယ်၊ အဲသလို ရှင်ဂွိ တို့  ပွဲကြိုက်ပုံက..

ဖြစ်ပုံက ဒီလို….ရှင်ဂွိ ရဲ့ အလုပ်ထဲကသူ တွေ လှူပ်လှူပ်ရွရွ ဖြစ်နေတော့ ….ဟဲ့ဟဲ့ ဘာတုန်းလဲဟဲ့ ဆိုတော့ ရှင်ဂွိတို့ ဆီ လူသတင်း လူချင်းဆောင်ပြီး သတင်းက ပြန့် လာတာကိုး… သီးလေးသီး (ဆေးရောင်စုံ) အငြိမ့်အဖွဲ့ လာမယ် ဆိုပါလား… ဒေါ်အောင်ဆန်းစုကြည် မွေးနေ့  အတွက်တဲ့၊ ရတဲ့ပိုက်ဆံ နာဂစ်ကိုလှူမယ်တဲ့၊ အော် လူ့ အခွင့်အရေးဆုရလိုက်တဲ့ အဖွဲ့ အစည်း တစ်ခုက ပုဂ္ဂိုလ်ကြီး က ဦးဆောင်လုပ်ပေးမယ်တဲ့။ ပွဲ လုပ်တဲ့ နေရာက ရှင်ဂွိ နေတဲ့ နေရာနဲ့ ဆို အတော် လှမ်းတယ်၊ တော်ရုံ သွားလို့ လာလို့ လွယ်တာ မဟုတ်ဖူး၊ မသွားတော့ ဖူးလို့ ပါပဲ…. ဒါပေမဲ့ နာဂစ် အလှူဆိုတော့ အင်း သွားလိုက်ရင် ပွဲလဲကြည့်ရ ကုသိုလ်လဲ ရတာပေါ့နော်။ နောက်ပြီး အကြိုအပို့ အစီအစဉ်လဲ ရှိတယ်ဆိုတော့… အဲဒီလိုအတွေးနဲ့ ပွဲကြိုက်မယ် ရှင်ဂွိ ကို နှစ်ခါ ခေါ်စရာ မလိုဘူး…। ဗေထိ ဆို ရှင်ဂွိ တို က ဂျိ ပေါ့။ အလုပ်တွေ ဘယ်လောက်များများ ရှိတဲ့ အလုပ်တွေကို ဘေးဖယ်၊ အိုး နေခင်း အလုပ်ချိန်မှာ တိတ်တိတ်ကလေး အိမ်ပြန်ပြီး ရေမိုးချိုး၊ ခေါင်းလျှော် အလှပြင် နဲ့ အရှုပ်တွေ လုပ်ရ တော့တာပေါ့….

အဲဒီလိုနဲ့ ပဲ ရှင်ဂွိတစ်ယောက် ဘတ် ၂၀၀ တန် လက်မှတ်ကြီး ကိုင်ပြီး ပွဲခင်းထဲကို ရောက်လာခဲ့တယ်။ အိုး ပွဲခင်းကြီးက လဲ ဟိန်းလို့ ပါလား။ တယ်ဟုတ်….. ရှင်ဂွိ ဒီတောကို ရောက်တာ တစ်နှစ်ကျော်နေပြီ ဘာပွဲဘာလမ်းမှလဲ မရှိဘူး၊ ဒီတခါတော့ စမတ်ကို ဂွမ်နေပါလားပေါ့။ အိုး စင်ပေါ်က စာတမ်းကြီးကို မြင်တော့ ရှင်ဂွိ က ကျေနပ်သွားတယ်။ နာဂစ်ဒုက္ခသည်တွေ ကို ကူညီ တဲ့အထဲ ရှင်ဂွိ လဲပါတယ် လို့  ကြွားနိုင်ပြီပေါ့…..

ထူးဆန်းလိုက်တာ အခုတစ်လော ဒီဒေသ မှာ ဘတ်(နေထိုင်ခွင့်လက်မှတ်) မရှိတဲ့ သူတွေကို ရဲ ဒီလောက် အဖမ်းအဆီးလဲများနေတာ။ အခုတော့ ရဲတွေ လဲ ဘယ်ပျောက်နေပါလိမ့်… ရှင်ဂွိ လဲ မနေနိုင်မထိုင်နိုင် သွားစပ်စု ရတာပေါ့။ အဲဒီတော့မှ ပဲ ရှင်ဂွိလဲ ပေါက်သွားတယ်။ အဟော်ဟော.. ဂလိုကိုး.. လိုင်းကြေး ပေးထားတာကိုး။ လိုင်းကြေးဘယ်လောက်ကျသတုန်းဆိုတော့ .. အမလေး ဘုရား၊ ဘုရား… ရဲတစ်ယောက် ၃၀၀၀ လောက်အနဲဆုံးတဲ့၊အုပ်စုတွေက နဲမှ မနဲတာ.. ၂သောင်း အောက်ထစ် သုံးသောင်းလောက် ကုန်မှာတဲ့။ ဟင် ဒါဆို နာဂစ်အတွက် ဘယ် သိပ်ကျန်တော့ ပါ့မလဲနော်…

အစတုန်းက ပွဲကို (၇) နာရီစမယ် ပြောထားတာ ကြည့်ပါဦး အခုထက်ထိကို မစနိုင်သေးဘူး။ လူတွေကလဲ ရုတ်ရုတ် ရုတ်ရုတ် ကလေးတွေကလဲ များပါဘိသနဲ့ ။ အင်း မြန်မာစံတော်ချိန် ဆိုတာ ဒါပဲ ထင်ပါရဲ့ ၊ ဒီလို နဲ့ (၈) နာရီထိုးရော..ဟော ဟော ပွဲစတော့မယ်…. အော်ပီကျယ် ကနေ အသံထွက်လာတာပြီ။ ပွဲ အစမှာ အလှူ့ ရှင် ဟုတ်ပေါင်.. အစီအစဉ် ကို ကမကထလုပ်တဲ့သူပေါ့လေ.. တက်လာမိန့် ခွန်းချွေပါတယ်၊ ပြောသွားတာ ကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် လုပ်တဲ့အကြောင်း နဲနဲ အစဖွင့် ပြီးတာနဲ့ ပုဂ္ဂိုလ်ကြီး က သူ ‘အရှုပ်သား‘ ဆိုလား.. ‘အာ ကောင်းသား‘ ဆိုလား အဲဒီဆု ရတဲ့အတွက် ကျင်းပကြောင်းကို တဖွဲ့ တနွဲ့  ပြောသွားပါတယ်။ ဒီဆုကြီး ဘာကြောင့်ရလဲ ဆိုတာတော့ ရှင်ဂွိ မသိလိုက်ပါဘူး။ ဒီဆုကြီး ဘာအသုံးဝင်လဲလဲ ရှင်ဂွိ နားမလည်ပါဘူး။ ဒါပေမဲ့ သေချာတာတော့ ဆုကြီးရတယ်ပေါ့နော်…। ဆုကြီးက နာမည်ပဲလား ဘာတွေ ညာတွေ ပါသေးလားလဲ ရှင်ဂွိ မသိဖူး (အားမှ သွားစပ်စု ဦးမယ်။ အခုတော့ မအားသေးလို့  သိသလောက်ပဲ ဖောက်သည် ချလိုက်တာ)

ပုဂ္ဂိုလ်ကြီး အမှာစကား ပြောကြားနေတဲ့အချိန်မှာ စက္ကူ ကတော့ လေးတွေ လာဝေတယ်။ စက္ကူ ကတော့ ကိုင်ပြီး ဘာလုပ်ရမလဲပေါ့… ဘေးဘီကြည့် သူများတွေက ဖယောင်းတိုင်ပါ ရလိုက်တာကိုး၊ အော်နောက်မှ မွေးနေ့ မွေးနေ့ မွေးနေ့ မှာ ဖယောင်းတိုင် မီးမှုတ်မယ်တဲ့လား။ ရှင်ဂွိတစ်ယောက် ကတော့ ဖယောင်းတိုင် မပါတဲ့ စက္ကူ ကတော့ တစ်ခုနဲ့  ယောင်နန ဖြစ်နေ တာပေါ့…. ကဲကဲ.. ထကြတဲ့၊ ဖယောင်းတိုင်တွေ မီးထွန်းတယ်.. ..ဖယောင်းတိုင် မရလိုက်ပေမဲ့ ရှင်ဂွိက စက္ကူ ကတော့ ကြီးကိုင်ပြီး အားကျ မခံ မတ်တပ်ရပ်တာပေါ့။

နာဂစ်မှာ သေသွားတဲ့သူ တွေ အတွက် ဆုတောင်းမယ်၊ အချုပ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် ဆုတောင်းမယ်တဲ့။ လူတွေ ကထတော့ ၀ိုင်းထကြပါရဲ့ ၊ ငြိမ်ကို မငြိမ်နိုင်ဘူး.. ကြွက်စီကြွက်စီနဲ့ ၊ အမလေး ..အပေါ်က အော်ပီကျယ်နဲ့ လဲ အော်နေတာပါပဲ၊ လူတွေ ငြိမ်ကြပါ.. တစ်မိနစ် ငြိမ်ပါမယ်.. တစ်မိနစ် မပြောနဲ့  တစ်စက္ကန့် တောင် မငြိမ်ဘူး။ အော် …လူတွေ ..လူတွေ.. ..စကားများ… အချိန်မရွေးပြောလို့ ရတယ်။ ဒီအချိန်ကလေးတောင် မငြိမ်နိုင်ဘူးလား.. အော်အော် …အသံတော့ နဲနဲ လျော့သွားတယ်။ ဒါပေမဲ့ ဘုရားကျောင်းမှာလို လုံးဝငြိမ်သက်သွားတာ မဟုတ်သေးဘူး။ အခန်းအနားမှူးလဲ သဘောပေါက်သွားတယ်။ ဒီလူအုပ် လုံးဝငြိမ်ဖို့ မဖြစ်နိုင်ဖူး ဆိုတာ သိသွားပါတယ်။ အဲဒီတော့ အကွဲတော့ အရှက်မခံနိုင်ဘူး.. အဲလေ အရှက်တော့ အကွဲမခံနိုင်ဘူး။ မြန်မြန်ပဲ ဆုတောင်း ခိုင်းလိုက်ပါတယ်။ ဒီလူတွေ ဘာတွေ ဆုတောင်းလဲတော့ မသိဘူး။ ကြွက်စီကြွက်စီ အသံက ဟိုနားကကြားရ ဒီနားက ကြားရနဲ့ ပါ။ ရှင်ဂွိ အတွေးထဲ ရုတ်တရက် ၀င်လာတာက ဒီလို ဆုတောင်းပွဲတွေ လုပ်နေတယ် ဆိုတာ ကြားရပေါင်းလဲများပြီ။ ဒီလို ပွဲလမ်းသဘင်နဲ့  ဆုတောင်းမှ ဘုရားကြားမယ် ထင်လို့ လား။ နောက်ပြီး.. ဒီ လို ဆုတောင်းပွဲ မလုပ်တဲ့ အချိန် အိမ်မှာရော ဘုရားရှိခိုးတဲ့အခါမှာရော ဆုတောင်းကြရဲ့ လား။ ဘုရားသခင် ကပဲ နားလေးနေတာလား.. ဆုတောင်းတဲ့ အသံက ပဲ ကျယ်လွန်း လို့  ဘုရား မျက်စိနောက်သလား...မပြောတတ်ပါဘူး။ ဒေါ်အောင်ဆန်း စုကြည်ကတော့ လွတ်သင့်တဲ့ ရက်ကို ရောက်တာတောင် မလွတ်ဘူး။ ဘုရားသခင်က နှုတ်ဆိတ်နေတဲ့ အတူတူ ဘာလို့ များ ဘုရားသခင် ကို နားညည်းအောင် လုပ်နေပါလိမ့် လို့ ပေါ့နော်။ တစ်ခု သေချာတာက ဒေါ်အောင်ဆန်းစုကြည်အတွက် လို့  သာ ပြောတယ်….မွေးနေ့ ရှင်က လဲ မသိ ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိတဲ့ပွဲ တစ်ခုပဲပါ.. မွေးနေ့ ရှင် အတွက် ဘာများ အကျိုးကျေးဇူး ဖြစ်ထွန်းပါလိမ့်လို့ တွေးမိပါတယ်..

ဒီလိုနဲ့  ရှင်ဂွိလဲ မကျေမချမ်းနဲ့ ပဲ ပွဲခင်းထဲကို လှည့်ပတ်ကြည့်လိုက်တော့ ပွဲလာကြည့်တာ ကလေးတွေ အတော်များသား .. လူကြီး လဲ အတော်များတယ်။ အင်း ၀င်ကြေးတော့ အတော်ရမှာပဲပေါ့၊ ဒီလိုနဲ့  ဒေါ်စပ်စု ရှင်ဂွိ ထပ် သွားပြန်စပ်စုလိုက်တယ်။ လူတွေ ဒီလောက်များတယ် လက်မှတ် ဘယ်နှစ်စောင် လောက် ရောင်းရလဲလို့ ပေါ့။ အလကားမေတ္တာလက်မှတ်နဲ့ လာတာ တ၀က်လောက်တဲ့.. (ဟွန်း ဒီလိုမှန်းသိ ရှင်ဂွိလဲ မေတ္တာလက်မှတ် ရအောင် တောင်းပါတယ်.. .. အော် နောက်မှ ပြန်စဉ်းစားတာက အလှူလေ ရှင်ဂွိရဲ့ မတွန့် တို ကောင်းဖူးဟဲ့ပေါ့ ကိုယ့်စိတ်ကို ပြန် ဆုံးမရတယ်)။ အခုပွဲ က တစ်စောင် ၂၀၀ ဆိုတော့ တစ်သောင်းခွဲလောက်ရတယ်တဲ့။ ကျန်တဲ့ ပွဲ နှစ်ပွဲမှာကတော့ မြို့ လဲသေး တော့ ၁၅၀ တန်လက်မှတ်တွေ ဆိုတော့ ပွဲသုံးပွဲပေါင်း ရင် သုံးသောင်းဖိုး လောက် ရောင်းထား ရတယ် တဲ့ (အတိအကျတော့ ပွဲတွေ အားလုံးမှသိရမှာတဲ့)။ ဟင် အဲဒါဆို ဘယ်လိုလဲ.. ရတာက သုံးသောင်း… ရဲ ကို ကျွေးလိုက်ရတာတင် နှစ်သောင်းကျော် သုံးသောင်းဖြစ်နေပြီ.. ဘာကျန်မှာတုန်း။ မနေထိုင် မထိုင်နိုင်ဖြစ်နေတဲ့ ရှင်ဂွိ… စပ်စုလက်စနဲ့ ပဲ ထပ်ပြီး စပ်စု လိုက်ပါသေးတယ်။ ဒီအငြိမ့်အဖွဲ့ က အလကား လာ က ပေးတာလား၊ ကားခဘယ်လောက်ကုန်လဲ၊ ဘာညာ သာရကာ နေကြာ ကွာစေ့ လေးတွေ ပေါ့… မေးပြီတော့မှ ကိုယ့်ပါးစပ်ကို ပြန်ရိုက်ချင်သွားတယ်။ အခုလို အငြိမ့်အဖွဲ့ ကို ဟိုး မြောက်အရပ်ဒေသ ကနေ ဒီကို ရောက်အောင် ဗန် ကား ငှားခေါ်လာရတာ ကားငှားခ တင်ပဲ ဒီအရောက်ကို တစ်သောင်းနှစ်ထောင်တဲ့။ လူတစ်ယောက် ကို တစ်ခန်း ဟိုတယ် ငှားပေးတာ တစ်ခန်း တစ်ည ၇၀၀ ဆိုတော့ တစ်ညတင် အခန်းခ ငါးထောင်လောက်ကျနေပြီ။ သူတို့ က ဘယ်နှစ်ည နေမှာပါလိမ့် ပွဲက ၃ ရက် ဆိုတော့ အနဲ ဆုံး ၃ ညပေါ့နော်.. စားစရိတ်နဲ့ ဘာနဲ့  ဆို.. .. အားလုံးပေါင်းတော့.. ….ရှင်ဂွိ ဖာ့သာ တွက်ချက်နေတုန်း ညောင်ရမ်းဂွတို က ပြောပြတယ်… ဒီအဖွဲ့ လာတဲ့ စရိတ် ကို ၆ သောင်းလောက် အနဲ ဆုံး တွက်ထားတယ်တဲ့။ အခုလို စင်ငှားခ၊ အသံချဲ့ စက်၊ စပီကာ၊ အစရှိတဲ့ ပစ္စည်းငှားခ၊ ထိုင်း ကလေးတွေ လာကပြဖို့ ငှားတဲ့ အခ၊ နောက်ပြီး လာကြည့်တဲ့ ပရိတ်သတ်ကိုအကြိုအပို့ လုပ်ပေးဖို့ ကားခ နဲ့ ဆီဖိုး မပါသေးဖူးတဲ့။ အားလုံးပေါင်းရင်တော့ တသိန်းတော့ကျော်မှာပေါ့တဲ့။ အိုးလားလား…နဲ တဲ့ စရိတ်မှ မဟုတ်ဘဲ။ အင်းလေ…ပွဲက တဲ့သူတွေကို လဲ တန်ရာတန်ကြေးတော့ ပေးသင့်တာပေါ့ နော် နို့ မို့ ဆို သူတို့ ဘာနဲ့  ထမင်းစားမလဲ.. ၀မ်းရေးကရှိသေးတယ် မဟုတ်လား။ ပြောတော့ နာဂစ် ဒုက္ခသည်တွေ အတွက် ဆို .. မမြတ်တဲ့ အပြင် ရှုံးတောင် ရှုံးနေသေးတာ.. တကယ်တမ်း ကုန်မဲ့ ပိုက်ဆံတွေကို နာဂစ် ဒုက္ခသည်တွေကို တိုက်ရိုက်သွားပေးတာက မှ ပိုကောင်းဦးမယ်.. ၄ ဆ ၅ ဆ လောက် ပိုက်ဆံပိုရဦးမယ်.

ရှင်ဂွိတို့ က ပျော်ပွဲသဘင် ဆင်ယင်နွှဲ နေကြတယ်.. လူတွေကလဲ မြန်မာပြည်အတွင်း မှာ ဘာဖြစ်နေတယ် ဆိုတာကို မေ့လျော့နေကြတယ်.. ပြက်လုံးတွေအကြား ရယ်နေကြတာ တ၀ါးဝါး တဟားဟားနဲ့ ...ပြည်သူ သန်းနဲ့ ချီပြီး နာဂစ် ဘေးကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ကုန်ကြတယ်.. တိုင်းပြည် ရဲ့  အဓိက အသက်သွေးကြော စပါးခင်းတွေ ပါသွားတယ်.. မကြာခင်မှာ ငတ်ကြတော့မယ်.. ဒီအတွက်များ ပျော်ပွဲ ကျင်းပနေရသလား... ဒေါ်အောင်ဆန်းစုကြည် အချုပ်ကျနေတယ်.. ဒါကိုများ ၀မ်းသာ နေကြသလား.. အခု လို ပိုက်ဆံတွေ အကုန်ခံပြီးတော့ မွေးနေ့ ဆုတောင်းတာဟာ တကယ်ရော ၀မ်းနည်းတဲ့ အဓိပ္ပါယ် ဖော်ဆောင်ပါသလား.. ဘယ်လောက်များ အကျိုးသက်ရောမှု ရှိပါလိမ့်…

အိုး ဘတ် တစ်သိန်း ကလေးများ ဘာမှ မဖြစ်လောက်ပါဘူး.. ကားတစ်စီးစာတောင် မရှိဘူး လို့  ပြောကောင်းပြောမှာပါ။ ဘာပဲပြောပြောပဲ.. အခုလို အချိန်မှာ ရှင်ဂွိတို့ အားလုံးချွေတာ တာ ကောင်း ပါတယ်။ အခုဆို ရှင်ဂွိ တို့  ရဲ့ ရတနာမြေနေရာတွေ အားလုံးမှာ တပြိုင်နက်ထဲ ပြဿနာ ပေါ်နေတာပါ၊ ရှင်ဂွိတို့ တိုင်းပြည်ရဲ့  စပါးကျီကို နာဂစ် က ဖျက်ဆီးသွားတယ်။ မြန်မာ့ ပတ္တမြား ထွက်တဲ့ မိုးကုတ်မြေကို ရေလွှမ်းတယ်၊ ဟောလာပြန်ပြီ.. ..နှစ်စဉ် ကမ္ဘာ့ အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ထုတ်ပေးနေတဲ့ ဖားကန့် မှာ ရေကြီးတယ်။ နောင်ဘာဖြစ်မလဲ.. မသိနိုင်ဘူး အရင်တုန်း က ရွှေရောင် လွှမ်းခဲ့တဲ့ အချိန် ချမ်းသာခဲ့တဲ့အချိန်.. သယံဇာတ ပေါကြွယ်ဝတာတွေ တမ်းချင်းရေးနေရမဲ့ အချိန်လဲ မဟုတ်ပါဘူး။ တစ်ကျပ်တပြား က အစ ဒုက္ခသည်တွေ အတွက် အကျိုးရှိပါတယ်။ ကိုယ့် မရှိရှိတဲ့အထဲ က မျှပေးတဲ့ စေတနာမျိုး လိုအပ်ပါတယ်။ ငါ့မှာ ပိုနေလို့ ဖြုန်းတယ်.. ဘာဖြစ်လဲ ဆိုတာမျိုး ဆိုရင် တော့ အဓိပ္ပါယ် မရှိပါဘူး။ ဒုက္ခသည်တွေကို အကြောင်းပြ၊ ပြည်သူလေးစားတဲ့ နာမည်ကို အသုံးချပြီး ဒီပွဲ ဘာ လို့  လုပ်ရပါလိမ့်.. တကယ်တမ်း ဒီပွဲဟာ ကြောင်နာ အဲ..ဟုတ်ပေါင် ကြော်ငြာ ၀င်တဲ့ ပွဲ တစ်ပွဲ ဆိုတာ မငြင်းနိုင်ပါဘူး။ လုပ်စားတယ် လို့ ပြောရင် ကြိုက်ကြမှာ မဟုတ်ပေမဲ့ .. လုပ်စားသွားတဲ့ ပွဲတစ်ပွဲ ဆိုတာ သိသာလှပါတယ်။ ပွဲကို ဦးစီးဦးမ လုပ်ဆောင်ပေးတဲ့ ပုဂ္ဂိုလ်ကြီးကို မေးချင်တဲ့မေးခွန်းလေး တစ်ခု ပေါ်လာပါတယ်။ ဒီပွဲဟာ ဘယ်သူ့ အတွက်များပါလိမ့်.. ဘယ်သူ့  အတွက်များ အကျိုးရှိပါလိမ့်.. ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာများအကျိုးရှိပါသလဲ။ နာဂစ် ဒုက္ခသည်တွေ အတွက် ဘယ်လောက် များ အကျိုးရှိပါသလဲ။ တစ်စုံတစ်ယောက်သော သူအတွက်တော့ အကျိုးရှိသွားတာ သေချာပါတယ်.. ပွဲကို စီစဉ်တဲ့အတွက် နာမည် ပိုကြီးသထက် ကြီးသွားပါတယ်။ ကိုယ် ဆု ရတဲ့ အတွက် ၀မ်းသာလို့  လုပ်တာ အပြစ် မပြောချင်ပါဘူး .... ဒါပေမဲ့ တခြား အကြောင်းအရာတွေ ကို ခုတုံးလုပ်တာ တော့ မသင့်တော်လှဘူး လို့  ထင်ပါတယ်…ဒါကတော့ ရှင်ဂွိ (ပြည်သူထဲက ပြည်သူတစ်ယောက်) ရဲ့ ကိုယ်ပိုင် အတွေးစလေး တစ်ခုပါ…

ဆက်ဖတ်မယ်နော်

Monday, June 16, 2008

ကျိုက်ထီးရိုး ခရီးမှ ရလာတဲ့အတွေးများ

ဂွိ က လျောက်လည်ရတာ ၀ါသနာပါပေမဲ့ ငယ်ငယ်ကဆို ကျိုက်ထီးရိုး ဘုရားဖူး ခရီးကလွဲလို့  ဘယ်မှ မရောက်ဖူးပါဘူး.. ဒါပေမဲ့ ကျိုက်ထီးရိုး ကို တော့ နှစ်စဉ် ပုံမှန် ရောက်ဖြစ်ပါတယ်

အဲဒီတုန်းက ကားတွေက သိပ်မရှိသေးဘူး...ဟီးနိုးကား စုတ်စုတ်ကြီးတွေနဲ့  သွားရတာ အခုလို ဟွန်ဒိုင်း၊ ဖူဆို လေအိတ်ကားတွေ မဟုတ်ဘူး..... နောက်ပြီး အဲဒီခေတ်က ကားတွေကို convoy နဲ့ ပဲပေးသွားတာ.... ပဲခူးရိုးမ က အညိုရောင်နယ်မြေဖြစ်နေတုန်းပဲ… မှတ်မှတ်ရရ တစ်နှစ်မှာ ကြုံခဲ့ဖူးတာလေး တစ်ခုပါ.. ဂွိတို့  စီးလာတဲ့ကားက ကားတန်းရဲ့ အရှေ့ ဆုံးမှာ.. ဂွိတို့ ကားပေါ်မှာ ပါလာတာ က တပ်ကြပ်ကြီးတစ်ယောက် အနောက်က တစ်စီးမှာ စစ်သား (၄) ယောက်ပါလာတယ်... အဲဒီတုန်းက ambush နဲ့  ပက်ပင်းတိုးတာလေ... ဂွိတို့  ကား ပေါ်က တပ်ကြပ်ကြီးက သူတို့  လှမ်း တားတဲ့အချိန် မသိချင်ယောင်ဆောင် လိုက်တော့ ဂွိတို့ ကားပေါ်ကလူတွေ အသက်ဖက်နဲ့ ထုတ်ပြီး လွတ်သွားခဲ့တယ်. အနောက်က ကားပေါ်မှာပါလာတဲ့ စစ်သားတွေက တော့ မရပ်နဲ့  ဆိုပြီး ပြန်ပစ်တာ တိုက်ပွဲဖြစ်တော့တာပေါ့.... ကျိုက်ထီးရိုးတောင်ပေါ် ရောက်တော့မှ နောက်လူတွေ မလာပါလား၊ ဒီနေ့  ဘုရားဖူး နဲလှချည်လားလို့ ထင်နေတာ… နောက်မှ သိရတာက တိုက်ပွဲဖြစ်ကျန် ခဲ့တော့ ကျန်တဲ့ ကားတန်းပေါ်က လူတွေ မလာနိုင် တော့ဘူးလေ… သေတဲ့သူက သေကုန်ပြီ…အပြန်ခရီးမှာ ကားမရလို့  ရထားစီး ပြန်မယ် ဆိုတော့ ကျိုက်ထို ရထားဘူတာရုံမှာ စိတ်နောက်နေတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့  ရတော့ တိုက်ပွဲကို မြင်ပြီး ဖြစ်သွားတာလို့  အနားမှာရှိတဲ့ လူတွေက ပြောတယ်... အမလေး ဂွိက ကံကောင်းလို့  ပေါ့နော်.. စဉ်းစားကြည့်ရင် တရားကျဖို့  ကောင်းပါတယ်.. ပြည်သူတွေကို ကာကွယ်ဖို့  ဆိုပေမဲ့.. တကယ်တမ်းကျတော့ ကိုယ့်မှာ လက်နက် ရှိလို့ အညံ့မခံချင်လို့  ပြန်တိုက်လိုက်တော့ ခံရသူအများစုက ပြည်သူတွေပါ..

ဟိုး ဂွိ တို့ ငယ်ငယ်တုန်းက ဆို ဓါတ်မီး မရှိလို့ မီးတုတ်နဲ့  ခရီးသွား ရတာပါ.. မီးတုတ်ကို ကိုင်ပြီး အရှေ့ လူ အနောက်လူ တစ်ယောက်ကို တစ်ယောက် လမ်း မပျောက် အောင် ကူညီရင်း နောက်ရင်းပြောင်ရင်း တောင်တက်ခဲ့ရတာတွေ ဟာ မမေ့နိုင်စရာ အဖြစ်အပျက်တွေပါပဲ.. နောက်ပြီးအဲဒီတုန်းက လမ်းတလျောက်မှာ ရေအိုးစင် ကလေးတွေ ရှိတယ်.. ရေ က ၀ယ်သောက်ရတာ မဟုတ်ပါဘူး.. ရေသောက်ပြီး ကိုယ် တတ်နိုင်သလောက် အလှူငွေထည့်လိုက်တာပါပဲ.. တစ်ဦးက စေတနာ တစ်ဦးက မေတ္တာလို့  ဆိုရမလား မသိဘူးနော်.. အခုတော့ အခုလို စာနာစိတ်နဲ့ ရိုင်းပင်းတဲ့စိတ်တွေ ဘယ်လောက်များ ကျန်ရှိနေပါလိမ့်လို့  တွေးမိ တယ်.. အခုလို နာဂစ်မုန်တိုင်းဖြစ်တော့ စာနာ စိတ်နဲ့  ကူညီတဲ့ သတင်းကို ကြားရတော့ ၀မ်းမြောက်မိတယ်.. တစ်ခါကူညီတဲ့ သူတွေကို ပိတ်ပင် တားဆီးတာ ကြားရပြန်တော့ အော် ဘာလို့ များ စာနာစိတ် နည်းပါးလာရတာလဲ ဆိုတာ မစဉ်းစားတတ်တော့ပြန်ဘူး…..

ဂွိ မှတ်မိ နေတာက ကျိုက်ထီးရိုး ဘုရားလမ်းမှာ ရောင်းတဲ့ ၀ါး ပုတီးလေး တွေပေါ့... ၀ါးသေးသေးလေးတွေကို မီးမှုတ်ပြီး အရုပ်ဖော်ထားတာ...၀ါး သောက်ရေခွက်တွေ.... ၀ါး ထိုင်ခုံလေးတွေပေါ့... လက်ရာ သိပ်မြောက်တယ်.. ဒါပေမဲ့ ၀ါး ခွက်က လေး တွေက လှပေမဲ့ သိပ် မခိုင်ခံ့လှဘူး... သိပ်ကြာကြာ မခံဘူးလေ...ခနလေးနဲ့ ပျက်သွားရော.. နောက်နှစ် ကျိုက်ထီးရိုးသွားတော့ နောက်တစ်ခု ထပ်ဝယ်.. အဲဒါနဲ့ သစ်တောက ပါးသထက် ပါးလာတာပေါ့…အခုမှ ဂွိ စဉ်းစားမိတာက ၀ါးဆိုတာ သစ်တောသစ်ပင်ပဲ မဟုတ်လား ... ဂွိတို့ အားလုံး ထိန်းသိမ်းသင့်တာပေါ့နော်...အခု ထိုင်းနိုင်ငံမှာ အထမ်းနဲ့  ၀ါးခွက် ၀ါးစုဗူးလေး တွေကို ရောင်းတာတွေ့ တယ်.... လှလည်းလှတယ် ပေါင်းတင်ထားတော့ အကြာကြီးခံတယ်... သစ်တော သစ်ပင် အလေအလွင့် နဲတာပေါ့နော်.… ဒါမျိုးနည်းပညာ ဂွိတို့ ဆီမှာ ရှိလာရင် သစ်ပင်သစ်တော ပိုထိန်းသိမ်းနိုင်မလား လို့ ပါ.. သစ်တော တစ်ခု ကို ခုတ်လိုက်တာ အချိန် မကြာပေမဲ့ သစ်တော တစ်ခု ဖြစ်ဖို့ က နှစ်နဲ့  ချီကြာတာ မဟုတ်လား .. ကိုယ် မဖန်တီး နိုင်ရင်တောင် မဖျက်ဆီးသင့်ပါဘူးနော်… နောက်တစ်ချက်က သစ်ပင်သစ်တော ထိန်းသိမ်းတော့ ရာသီဥတု လဲ ပိုမျှတ တယ်လေ..

နောက်ပိုင်း မှာ တစ်နှစ်ထက် တစ်နှစ် ပိုလာတာကလမ်းတလျောက်မှာ လှေခါးထစ်တွေ ဆောက် လာ တာပါ.. ဒါပေမဲ့ လှေခါးတွေ တံတားတွေက ကြာကြာမခံဘူး.. (ဂွိကြီးတော်ကြီး တစ်ယောက် လှူခဲ့တဲ့ လမ်းကလေးက ၂ နှစ် အကြာမှာ ပြန်ပျက်သွားခဲ့ပါတယ်) ..ဘာလို့ များ တစ်ခါထဲနဲ့ ကောင်းအောင် မဆောက်နိုင်တာလဲပေါ့နော်.. နောက်ပြီး ဘာလို့ များ မထိန်းသိမ်းနိုင် ရတာလဲပေါ့… အဲဒီလမ်းတလျောက် ဆင်နဲ့ သစ်ဆွဲ တော့ ဒီနှစ် ဆောက်လိုက် နောက်နှစ် ပျက်လိုက်… နောက်တစ်နှစ် တစ်ခါ ပြန်ဆောက်နဲ့ .. သံသရာ လည်နေလိုက်တာ ဘိလပ်မြေတွေ လူအင်အားတွေ ကုန်ပြီးရင် ပြန်ကုန်နေတာပဲ.. လမ်းဆောက်လိုက် ပျက်လိုက်ကတော့ ကျိုက်ထီးရိုး တစ်ခုထဲမဟုတ်ပါဘူး.. တစ်နိုင်ငံလုံးမှာပါပဲ.. လူအင်အား အချိန်အင်အား ငွေအင်အားတွေကို ဖြုန်းတီးနေသလိုပါပဲ..တစ်ခါ ကောင်းကောင်းဆောက်တာနဲ့ အဖြစ်ဆောက်တာ ဘာက ပိုအကျိုးရှိမလဲ တွေးကြည့်စေချင်ပါတယ်.. လုပ်တဲ့အလုပ်အပေါ်မှာလဲ စေတနာ ထားဖို့ လိုတယ် ထင်ပါတယ်…

အခုတော့ ကားလမ်းက ရသေ့တောင်အထိ ပေါက်သွားပြီ.. ကောင်းတာကတော့ ဂွိတို့ လို အသက်အရွယ်ကြီးလာတဲ့ သူတွေအတွက် အလွယ်တကူ ရောက်တာ ပေါ့နော်... မကောင်းတာက ဂွိတို့ ငယ်ငယ်တုန်းက လို တစ်ဦးကို တစ်ဦး ရိုင်းပင်းပြီး နောက်နောက်ပြောင်ပြောင်နဲ့ တောင်တက်ရတဲ့ အချိန်မျိုး နဲပါး သွားတာပါပဲ.. နောက်ထပ် စိတ်မကောင်းစရာ တစ်ခုက အထမ်းသမားတွေ.... တောင်ပေါ်လမ်း ပေါက်သွားတော့ အထမ်းသမားတွေအတွက် အလုပ်မရှိ တော့ဘူးပေါ့….. အတွေးထဲ ၀င်လာတာက.... နန်းတော်ရှေ့ ဆရာတင်ရေးတဲ့ စစ်ကိုင်းတံတား သီချင်းထဲက….. တံတားကြီးကို ကြည့်ကာငိုမိသည် .... ဆိုတဲ့ သီချင်းစာသားပဲလေ…… ကိုယ်တို့ မြန်မာတွေ တိုးတက် တာ ကို ဘာလို့  ၀မ်းနည်းရမှာလဲပေါ့… ခေတ်နဲ့ အညီ တိုးတက်လာတာကို မကြိုဆိုသင့်ဘူးလား ပေါ့လေ… ကြိုဆိုသင့်ပါတယ်.. အဲဒီလို ကြိုဆိုမှုနဲ့ အတူ အခုလို အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေ အတွက် contingency plan လေး လိုအပ်တာပေါ့နော်.......... နို့ မို့ ဆို တံတားဆောက် လမ်းဖောက်လိုက်တိုင်း နစ်နာသွားမဲ့ လူတွေ အတွက် ဘယ်လိုမျိုး vocational training တွေ ပေးမယ်.. လူထုနဲ့  သင့်တော်မဲ့ ဘယ်လို အလုပ်အကိုင်တွေ ဖော်ထုတ် အစားထိုးပေးမယ် ဆိုတာမျိုးလေးတွေ လို အပ် နေတယ်ဆိုတ ကို သတိရ စေချင်ပါတယ်.. တခါတစ်လေကျတော့ ငါတို့ က ဒေသ တိုးတက်အောင်လုပ်ပေးနေတာပဲ.. သူတို့ က ဘာလို့ များ လက်မခံနိုင်ရ တာလဲ လို့ ထင်ကောင်းထင်မိပါလိမ့်မယ်.. တကယ်တမ်း ဒင်္ဂါးစေ့ကို တဖက် ထဲက နေကြည့်နေရင် တစ်မျိုးပဲမြင်ရမှာပါ.. နှစ်ဖက်မျှကြည့်ရင် ပိုကောင်း လိမ့်မယ် ထင်ပါတယ်.. အဲဒါမှလဲ အခြားတဖက်က ဘာတွေးနေလဲ ဘာတွေ တွေ့ ကြုံ နေရလဲဆိုတာ ပိုသိလာမှာပါ.. တယောက်ပေါ် တစ်ယောက် နားလည်မှုတွေပိုရမယ်.. ပိုမို အကျိုးရှိအောင် လုပ်ဆောင်လာနိုင်ပါလိမ့်မယ်…

နောက်ဆုံး တစ်ခေါက် ကျိုက်ထီးရိုးဘုရားရောက်တော့ စေတီကို ကြည့်ရတာ တစ်မျိုးပဲ ဘာလို နေမှန်း စဉ်းစားလို့ ကို မရဘူး… နောက်မှ သတိပြုလိုက်တာ စေတီ က အသစ်ဖြစ်နေတာကိုး ...... အခု စေတီ က လုံးဝပြုပြင်လိုက်တော့ အရင် ကြည့်ရတာနဲ့  မတူတော့ဘူး ခံစားရတာလဲ တစ်မျိုးဖြစ်သွားတယ်လေ... ဟိုးငယ်ငယ် က မြင်ခဲ့ရတဲ့ ကျိုက်ထီးရိုးစေတီ ကို လွမ်းမိတယ်..... ရှေးဟောင်း အမွေအနှစ်ကို ပြုပြင် ထိန်းသိမ်းတဲ့ နေရာမှာ အနှစ်သာရ က လက်ရာ မပြောင်းလဲဖို့ အရေးကြီးပါတယ်... စေတီတော်ကို မဖြိုပဲ ပြင်ခဲ့ရင် သိပ်ကောင်းမှာပဲလို့  တွေးမိပါတယ်.... နောက်တစ်ခုက ကျောက်လုံးတော် ပတ် ရင်ပြင် ကို ဆောက်လိုက်တဲ့ အတွက် ဘုရားဖူးတွေ ကြည်ညိုစရာ နေရာ ပိုရပါတယ်… ဒါဟာ ကောင်းတဲ့အချက်ပါ.. မကောင်းတဲ့ အချက်ကတော့ အရင်က ပုံတော်တွေမှာ ဆိုရင် တောင်ချောက်ကမ်းပါးထက် က ကျောက်လုံးတော်ကြီးကို မြင်ရတာ သည်းထိတ်ရင်ဖိုဖွယ် ပါ.. ဘုရားတန်ခိုးတော်ကို အံ့သြဖွယ် ကြည်ညိုသဒါ ပွားရပါတယ်.. အခုတော့ အရင်ကလောက် စိတ်ခံစားမှုကို မပေးစွမ်းနိုင်တော့တာအမှန်ပါ.. သဘာဝ တရား တစ်ချို့ ကို ထိန်းသိမ်းထားနိုင်ရင် သိပ်ကောင်းမှာပါ..

ဂွိ အတွေးထဲ ပေါ်လာတာလေးတွေ ရင်ထဲမှာ ရှိနေတာလေးတွေကို စတင်ရေးလိုက်တာပါ.. နောက်ဆက်ပြီး ခရီးသွားရင်း အမှတ်ထင်ထင် ရှိလိုက်တာလေးတွေရယ်.. ပိုက်ဆံနဲနဲ နဲ့  backpacker အဖြစ် သွားလာခဲ့တဲ့ ခရီးတွေ အကြောင်း ဆက်ပြောသွားချင်ပါတယ်... ဂွိ က စာရေး မကောင်းတော့ ဟိုရောက် ဒီရောက် ဖြစ်နေမလားပဲ.... ဂွိကို နားလည်ပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်..

ဆက်ဖတ်မယ်နော်