Monday, June 16, 2008

ကျိုက်ထီးရိုး ခရီးမှ ရလာတဲ့အတွေးများ

ဂွိ က လျောက်လည်ရတာ ၀ါသနာပါပေမဲ့ ငယ်ငယ်ကဆို ကျိုက်ထီးရိုး ဘုရားဖူး ခရီးကလွဲလို့  ဘယ်မှ မရောက်ဖူးပါဘူး.. ဒါပေမဲ့ ကျိုက်ထီးရိုး ကို တော့ နှစ်စဉ် ပုံမှန် ရောက်ဖြစ်ပါတယ်

အဲဒီတုန်းက ကားတွေက သိပ်မရှိသေးဘူး...ဟီးနိုးကား စုတ်စုတ်ကြီးတွေနဲ့  သွားရတာ အခုလို ဟွန်ဒိုင်း၊ ဖူဆို လေအိတ်ကားတွေ မဟုတ်ဘူး..... နောက်ပြီး အဲဒီခေတ်က ကားတွေကို convoy နဲ့ ပဲပေးသွားတာ.... ပဲခူးရိုးမ က အညိုရောင်နယ်မြေဖြစ်နေတုန်းပဲ… မှတ်မှတ်ရရ တစ်နှစ်မှာ ကြုံခဲ့ဖူးတာလေး တစ်ခုပါ.. ဂွိတို့  စီးလာတဲ့ကားက ကားတန်းရဲ့ အရှေ့ ဆုံးမှာ.. ဂွိတို့ ကားပေါ်မှာ ပါလာတာ က တပ်ကြပ်ကြီးတစ်ယောက် အနောက်က တစ်စီးမှာ စစ်သား (၄) ယောက်ပါလာတယ်... အဲဒီတုန်းက ambush နဲ့  ပက်ပင်းတိုးတာလေ... ဂွိတို့  ကား ပေါ်က တပ်ကြပ်ကြီးက သူတို့  လှမ်း တားတဲ့အချိန် မသိချင်ယောင်ဆောင် လိုက်တော့ ဂွိတို့ ကားပေါ်ကလူတွေ အသက်ဖက်နဲ့ ထုတ်ပြီး လွတ်သွားခဲ့တယ်. အနောက်က ကားပေါ်မှာပါလာတဲ့ စစ်သားတွေက တော့ မရပ်နဲ့  ဆိုပြီး ပြန်ပစ်တာ တိုက်ပွဲဖြစ်တော့တာပေါ့.... ကျိုက်ထီးရိုးတောင်ပေါ် ရောက်တော့မှ နောက်လူတွေ မလာပါလား၊ ဒီနေ့  ဘုရားဖူး နဲလှချည်လားလို့ ထင်နေတာ… နောက်မှ သိရတာက တိုက်ပွဲဖြစ်ကျန် ခဲ့တော့ ကျန်တဲ့ ကားတန်းပေါ်က လူတွေ မလာနိုင် တော့ဘူးလေ… သေတဲ့သူက သေကုန်ပြီ…အပြန်ခရီးမှာ ကားမရလို့  ရထားစီး ပြန်မယ် ဆိုတော့ ကျိုက်ထို ရထားဘူတာရုံမှာ စိတ်နောက်နေတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့  ရတော့ တိုက်ပွဲကို မြင်ပြီး ဖြစ်သွားတာလို့  အနားမှာရှိတဲ့ လူတွေက ပြောတယ်... အမလေး ဂွိက ကံကောင်းလို့  ပေါ့နော်.. စဉ်းစားကြည့်ရင် တရားကျဖို့  ကောင်းပါတယ်.. ပြည်သူတွေကို ကာကွယ်ဖို့  ဆိုပေမဲ့.. တကယ်တမ်းကျတော့ ကိုယ့်မှာ လက်နက် ရှိလို့ အညံ့မခံချင်လို့  ပြန်တိုက်လိုက်တော့ ခံရသူအများစုက ပြည်သူတွေပါ..

ဟိုး ဂွိ တို့ ငယ်ငယ်တုန်းက ဆို ဓါတ်မီး မရှိလို့ မီးတုတ်နဲ့  ခရီးသွား ရတာပါ.. မီးတုတ်ကို ကိုင်ပြီး အရှေ့ လူ အနောက်လူ တစ်ယောက်ကို တစ်ယောက် လမ်း မပျောက် အောင် ကူညီရင်း နောက်ရင်းပြောင်ရင်း တောင်တက်ခဲ့ရတာတွေ ဟာ မမေ့နိုင်စရာ အဖြစ်အပျက်တွေပါပဲ.. နောက်ပြီးအဲဒီတုန်းက လမ်းတလျောက်မှာ ရေအိုးစင် ကလေးတွေ ရှိတယ်.. ရေ က ၀ယ်သောက်ရတာ မဟုတ်ပါဘူး.. ရေသောက်ပြီး ကိုယ် တတ်နိုင်သလောက် အလှူငွေထည့်လိုက်တာပါပဲ.. တစ်ဦးက စေတနာ တစ်ဦးက မေတ္တာလို့  ဆိုရမလား မသိဘူးနော်.. အခုတော့ အခုလို စာနာစိတ်နဲ့ ရိုင်းပင်းတဲ့စိတ်တွေ ဘယ်လောက်များ ကျန်ရှိနေပါလိမ့်လို့  တွေးမိ တယ်.. အခုလို နာဂစ်မုန်တိုင်းဖြစ်တော့ စာနာ စိတ်နဲ့  ကူညီတဲ့ သတင်းကို ကြားရတော့ ၀မ်းမြောက်မိတယ်.. တစ်ခါကူညီတဲ့ သူတွေကို ပိတ်ပင် တားဆီးတာ ကြားရပြန်တော့ အော် ဘာလို့ များ စာနာစိတ် နည်းပါးလာရတာလဲ ဆိုတာ မစဉ်းစားတတ်တော့ပြန်ဘူး…..

ဂွိ မှတ်မိ နေတာက ကျိုက်ထီးရိုး ဘုရားလမ်းမှာ ရောင်းတဲ့ ၀ါး ပုတီးလေး တွေပေါ့... ၀ါးသေးသေးလေးတွေကို မီးမှုတ်ပြီး အရုပ်ဖော်ထားတာ...၀ါး သောက်ရေခွက်တွေ.... ၀ါး ထိုင်ခုံလေးတွေပေါ့... လက်ရာ သိပ်မြောက်တယ်.. ဒါပေမဲ့ ၀ါး ခွက်က လေး တွေက လှပေမဲ့ သိပ် မခိုင်ခံ့လှဘူး... သိပ်ကြာကြာ မခံဘူးလေ...ခနလေးနဲ့ ပျက်သွားရော.. နောက်နှစ် ကျိုက်ထီးရိုးသွားတော့ နောက်တစ်ခု ထပ်ဝယ်.. အဲဒါနဲ့ သစ်တောက ပါးသထက် ပါးလာတာပေါ့…အခုမှ ဂွိ စဉ်းစားမိတာက ၀ါးဆိုတာ သစ်တောသစ်ပင်ပဲ မဟုတ်လား ... ဂွိတို့ အားလုံး ထိန်းသိမ်းသင့်တာပေါ့နော်...အခု ထိုင်းနိုင်ငံမှာ အထမ်းနဲ့  ၀ါးခွက် ၀ါးစုဗူးလေး တွေကို ရောင်းတာတွေ့ တယ်.... လှလည်းလှတယ် ပေါင်းတင်ထားတော့ အကြာကြီးခံတယ်... သစ်တော သစ်ပင် အလေအလွင့် နဲတာပေါ့နော်.… ဒါမျိုးနည်းပညာ ဂွိတို့ ဆီမှာ ရှိလာရင် သစ်ပင်သစ်တော ပိုထိန်းသိမ်းနိုင်မလား လို့ ပါ.. သစ်တော တစ်ခု ကို ခုတ်လိုက်တာ အချိန် မကြာပေမဲ့ သစ်တော တစ်ခု ဖြစ်ဖို့ က နှစ်နဲ့  ချီကြာတာ မဟုတ်လား .. ကိုယ် မဖန်တီး နိုင်ရင်တောင် မဖျက်ဆီးသင့်ပါဘူးနော်… နောက်တစ်ချက်က သစ်ပင်သစ်တော ထိန်းသိမ်းတော့ ရာသီဥတု လဲ ပိုမျှတ တယ်လေ..

နောက်ပိုင်း မှာ တစ်နှစ်ထက် တစ်နှစ် ပိုလာတာကလမ်းတလျောက်မှာ လှေခါးထစ်တွေ ဆောက် လာ တာပါ.. ဒါပေမဲ့ လှေခါးတွေ တံတားတွေက ကြာကြာမခံဘူး.. (ဂွိကြီးတော်ကြီး တစ်ယောက် လှူခဲ့တဲ့ လမ်းကလေးက ၂ နှစ် အကြာမှာ ပြန်ပျက်သွားခဲ့ပါတယ်) ..ဘာလို့ များ တစ်ခါထဲနဲ့ ကောင်းအောင် မဆောက်နိုင်တာလဲပေါ့နော်.. နောက်ပြီး ဘာလို့ များ မထိန်းသိမ်းနိုင် ရတာလဲပေါ့… အဲဒီလမ်းတလျောက် ဆင်နဲ့ သစ်ဆွဲ တော့ ဒီနှစ် ဆောက်လိုက် နောက်နှစ် ပျက်လိုက်… နောက်တစ်နှစ် တစ်ခါ ပြန်ဆောက်နဲ့ .. သံသရာ လည်နေလိုက်တာ ဘိလပ်မြေတွေ လူအင်အားတွေ ကုန်ပြီးရင် ပြန်ကုန်နေတာပဲ.. လမ်းဆောက်လိုက် ပျက်လိုက်ကတော့ ကျိုက်ထီးရိုး တစ်ခုထဲမဟုတ်ပါဘူး.. တစ်နိုင်ငံလုံးမှာပါပဲ.. လူအင်အား အချိန်အင်အား ငွေအင်အားတွေကို ဖြုန်းတီးနေသလိုပါပဲ..တစ်ခါ ကောင်းကောင်းဆောက်တာနဲ့ အဖြစ်ဆောက်တာ ဘာက ပိုအကျိုးရှိမလဲ တွေးကြည့်စေချင်ပါတယ်.. လုပ်တဲ့အလုပ်အပေါ်မှာလဲ စေတနာ ထားဖို့ လိုတယ် ထင်ပါတယ်…

အခုတော့ ကားလမ်းက ရသေ့တောင်အထိ ပေါက်သွားပြီ.. ကောင်းတာကတော့ ဂွိတို့ လို အသက်အရွယ်ကြီးလာတဲ့ သူတွေအတွက် အလွယ်တကူ ရောက်တာ ပေါ့နော်... မကောင်းတာက ဂွိတို့ ငယ်ငယ်တုန်းက လို တစ်ဦးကို တစ်ဦး ရိုင်းပင်းပြီး နောက်နောက်ပြောင်ပြောင်နဲ့ တောင်တက်ရတဲ့ အချိန်မျိုး နဲပါး သွားတာပါပဲ.. နောက်ထပ် စိတ်မကောင်းစရာ တစ်ခုက အထမ်းသမားတွေ.... တောင်ပေါ်လမ်း ပေါက်သွားတော့ အထမ်းသမားတွေအတွက် အလုပ်မရှိ တော့ဘူးပေါ့….. အတွေးထဲ ၀င်လာတာက.... နန်းတော်ရှေ့ ဆရာတင်ရေးတဲ့ စစ်ကိုင်းတံတား သီချင်းထဲက….. တံတားကြီးကို ကြည့်ကာငိုမိသည် .... ဆိုတဲ့ သီချင်းစာသားပဲလေ…… ကိုယ်တို့ မြန်မာတွေ တိုးတက် တာ ကို ဘာလို့  ၀မ်းနည်းရမှာလဲပေါ့… ခေတ်နဲ့ အညီ တိုးတက်လာတာကို မကြိုဆိုသင့်ဘူးလား ပေါ့လေ… ကြိုဆိုသင့်ပါတယ်.. အဲဒီလို ကြိုဆိုမှုနဲ့ အတူ အခုလို အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေ အတွက် contingency plan လေး လိုအပ်တာပေါ့နော်.......... နို့ မို့ ဆို တံတားဆောက် လမ်းဖောက်လိုက်တိုင်း နစ်နာသွားမဲ့ လူတွေ အတွက် ဘယ်လိုမျိုး vocational training တွေ ပေးမယ်.. လူထုနဲ့  သင့်တော်မဲ့ ဘယ်လို အလုပ်အကိုင်တွေ ဖော်ထုတ် အစားထိုးပေးမယ် ဆိုတာမျိုးလေးတွေ လို အပ် နေတယ်ဆိုတ ကို သတိရ စေချင်ပါတယ်.. တခါတစ်လေကျတော့ ငါတို့ က ဒေသ တိုးတက်အောင်လုပ်ပေးနေတာပဲ.. သူတို့ က ဘာလို့ များ လက်မခံနိုင်ရ တာလဲ လို့ ထင်ကောင်းထင်မိပါလိမ့်မယ်.. တကယ်တမ်း ဒင်္ဂါးစေ့ကို တဖက် ထဲက နေကြည့်နေရင် တစ်မျိုးပဲမြင်ရမှာပါ.. နှစ်ဖက်မျှကြည့်ရင် ပိုကောင်း လိမ့်မယ် ထင်ပါတယ်.. အဲဒါမှလဲ အခြားတဖက်က ဘာတွေးနေလဲ ဘာတွေ တွေ့ ကြုံ နေရလဲဆိုတာ ပိုသိလာမှာပါ.. တယောက်ပေါ် တစ်ယောက် နားလည်မှုတွေပိုရမယ်.. ပိုမို အကျိုးရှိအောင် လုပ်ဆောင်လာနိုင်ပါလိမ့်မယ်…

နောက်ဆုံး တစ်ခေါက် ကျိုက်ထီးရိုးဘုရားရောက်တော့ စေတီကို ကြည့်ရတာ တစ်မျိုးပဲ ဘာလို နေမှန်း စဉ်းစားလို့ ကို မရဘူး… နောက်မှ သတိပြုလိုက်တာ စေတီ က အသစ်ဖြစ်နေတာကိုး ...... အခု စေတီ က လုံးဝပြုပြင်လိုက်တော့ အရင် ကြည့်ရတာနဲ့  မတူတော့ဘူး ခံစားရတာလဲ တစ်မျိုးဖြစ်သွားတယ်လေ... ဟိုးငယ်ငယ် က မြင်ခဲ့ရတဲ့ ကျိုက်ထီးရိုးစေတီ ကို လွမ်းမိတယ်..... ရှေးဟောင်း အမွေအနှစ်ကို ပြုပြင် ထိန်းသိမ်းတဲ့ နေရာမှာ အနှစ်သာရ က လက်ရာ မပြောင်းလဲဖို့ အရေးကြီးပါတယ်... စေတီတော်ကို မဖြိုပဲ ပြင်ခဲ့ရင် သိပ်ကောင်းမှာပဲလို့  တွေးမိပါတယ်.... နောက်တစ်ခုက ကျောက်လုံးတော် ပတ် ရင်ပြင် ကို ဆောက်လိုက်တဲ့ အတွက် ဘုရားဖူးတွေ ကြည်ညိုစရာ နေရာ ပိုရပါတယ်… ဒါဟာ ကောင်းတဲ့အချက်ပါ.. မကောင်းတဲ့ အချက်ကတော့ အရင်က ပုံတော်တွေမှာ ဆိုရင် တောင်ချောက်ကမ်းပါးထက် က ကျောက်လုံးတော်ကြီးကို မြင်ရတာ သည်းထိတ်ရင်ဖိုဖွယ် ပါ.. ဘုရားတန်ခိုးတော်ကို အံ့သြဖွယ် ကြည်ညိုသဒါ ပွားရပါတယ်.. အခုတော့ အရင်ကလောက် စိတ်ခံစားမှုကို မပေးစွမ်းနိုင်တော့တာအမှန်ပါ.. သဘာဝ တရား တစ်ချို့ ကို ထိန်းသိမ်းထားနိုင်ရင် သိပ်ကောင်းမှာပါ..

ဂွိ အတွေးထဲ ပေါ်လာတာလေးတွေ ရင်ထဲမှာ ရှိနေတာလေးတွေကို စတင်ရေးလိုက်တာပါ.. နောက်ဆက်ပြီး ခရီးသွားရင်း အမှတ်ထင်ထင် ရှိလိုက်တာလေးတွေရယ်.. ပိုက်ဆံနဲနဲ နဲ့  backpacker အဖြစ် သွားလာခဲ့တဲ့ ခရီးတွေ အကြောင်း ဆက်ပြောသွားချင်ပါတယ်... ဂွိ က စာရေး မကောင်းတော့ ဟိုရောက် ဒီရောက် ဖြစ်နေမလားပဲ.... ဂွိကို နားလည်ပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်..

1 comment:

Ye-Mon said...

ဖတ်လို့ကောင်းပါတယ်။ ဆက်ရေးပါ ဂွိရေ ...