Saturday, July 19, 2008

အဆင်မပြေနိုင်တဲ့ အမှန်တရားများ (၃)

ရှင်ဂွိလဲ ရွာရိုးကိုးပေါက် လျောက်သွားနေတာနဲ့  ရုပ်ရှင်အကြောင်းပြောနေတာ ရပ်သွားတယ်။ အခု အားတုန်း နဲနဲ ဆက်လေပေါလိုက်ဦးမယ်။

ပြည်တွင်းစစ်ကာလထဲက အပူချိန်တွေကို တိုင်းလာခဲ့တာ အပူဆုံး နှစ် (၁၀) ဟာ လွန်ခဲ့တဲ့ (၁၄) နှစ် အတွင်းမှ ဖြစ်ခဲ့သတဲ့။

ကမ္ဘာကြီးပူနွေးလာတာကြောင့် ပင်လယ်သမုဒ္ဒရာတွေ လဲ ပူနွေးလာတယ်။ နောက်ဆက်တွဲ အနေနဲ့ က ပြင်းထန်တဲ့ မုန်တိုင်း တွေကို ဖြစ်စေတယ်ဆိုပဲ။

ဂျပန်မှာ ၂၀၀၄ ခုနှစ် တစ်နှစ်ထဲမှာ ပဲ တိုင်ဖုန်း မုန်တိုင်း (၁၀) ခု အထိဖြစ်ပြီး စံချိန်ချိုးခဲ့တယ်။ သိပ္ပံ ဖတ်စာအုပ်တွေ ထဲမှာ တောင် အတ္တလန္တိတ် သမုဒ္ဒရာမှာ ဟာရီကိန်း မုန်တိုင်း မဖြစ်နိုင်ဖူးလို့  ပြောခဲ့ပေမဲ့ အဲဒီနှစ်မှာပဲ ဟာရီကိန်း မုန်တိုင်း ဟာ ပထမဦးဆုံးအကြိမ် ဘရာဇီးမှာ ၀င်တိုက်သွားတယ်။ ၂၀၀၅ နွေရာသီ မှာ အလွန် ပူပြင်းခဲ့ပြီးတဲ့နောက် အမ်မလီ၊ ဒန်းနစ် နဲ့ ကက်တရီးနာ မုန်တိုင်းတွေ ဖြစ်ခဲ့တယ်။ ကက်တရီးနာ မုန်တိုင်းဟာ ဖလော်ရီဒါကို ဖြတ်တဲ့အချိန်မှ အဆင့်တစ် ပဲရှိတဲ့ မုန်တိုင်း တစ်ခုပါ။ မုန်တိုင်းဟာ ပူနွေးတဲ့ရေအပေါ် ဖြတ်ကျော်တဲ့အခါ ရေအပူချိန် မြင့်တက်လာတယ်။ အပူစွမ်းအင် ကို ရယူပြီးတော့ မုန်တိုင်းဟာ ပိုအားပြင်းလာတယ်။ လေတိုက်နှုံးပိုလာတယ်။ စိုထိုင်းဆ ပိုများလာတယ်။ အကျိုးဆက်ကတော့ မုန်တိုင်းနောက်ဆက်တွဲ လူပေါင်းများစွာ အသက်ဆုံးရှုံးရပြီး ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။

အင်း .. ရှင်ဂွိတို့ မြန်မာပြည်မှာ မဖြစ်စဖူး နာဂစ်
လာမွှေ သွား ခဲ့တာ အဲဒါကြောင့် နေမှာ ပေါ့နော်။ သစ်ပင်တွေ မရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ က ပိုများ၊ ရာသီဥတု က မမျှ။ အဲဒါ ဘယ်သူ့ ကို အပြစ်တင်ရမှာလဲဟင်။

မစ္စတာ အယ်ဂိုးကတော့ ပြောတယ်။ “မျိုးဆက် တစ်ခုပြီးတစ်ခု၊ လွန်ခဲ့တဲ့ ရာစု နှစ်များစွာက ပြုလုပ်ခဲ့တဲ့ အမှားတွေ ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကျနော်တို့ မတောင်းဆိုပဲနဲ့  တွေ့ ကြုံနေရတာပါ။ ဒါတွေကို ကျော်လွှားဖို့ ရာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အရင်ကလို သက်တောင့်သက်တာ နေလို့  မရတော့ပါဘူး။ ” ရှင်ဂွိတို့ နဲ့ အပ်စပ် လိုက်တာ။ စောင်းပြောတာများလားမသိဖူး။ ဒီ ရာစုနှစ်အတွင်း လုပ်ခဲ့တဲ့ အမှားတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ယနေ့ ရှင်ဂွိတို့  အားလုံးခံစားနေရတာပါ။ ဒီ နှစ် ငါးဆယ် အတွင်း အရှေ့  တောင် အာရှရဲ့  အချမ်းသာဆုံး တိုင်းပြည်အဖြစ်ကနေ ဆင်းရဲမွဲတေပြီး ဖွံ့ ဖြိုးမှု အနည်းဆုံး တိုင်းပြည် ဖြစ် သွားစေတဲ့၊ ပညာရေး အဆင့်အတန်းကို ပိုမို နိမ့်ကျသွားစေတဲ့၊ လုပ်ရပ်တွေကို ရှင်ဂွိတို့  ဒီအတိုင်း လက်သင့်ခံ နေရတော့မှာလား။ ရှင်ဂွိတို့ အားလုံးညီမယ်ဆိုရင် ကျော်လွှားဖို့  ဖြစ်နိုင်ပါတယ်။ စိတ်ဓါတ်နဲ့ လုံ့ လ ၀ိရိယ ရှိဖို့ လိုပါတယ်။ ရှင်ဂွိတို့ တွေ သက်တောင့် သက်သာ အလိုက်သင့် မျောနေဖို့ အချိန်မဟုတ်တော့ပါဘူးနော်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်သမုဒ္ဒရာက ရေခိုးရေငွေ့ ကို ပိုမို အငွေ့ ပြန်စေပြီး မိုးရွာသွန်းမှုကို ပိုစေတယ်။ တပြိုင်နက်ထဲမှာပဲ တခြားဒေသတွေ မှာတော့ မြေဆီလွှာထဲက စိုစွတ်မှု တွေကို အငွေ့ ပျံစေ ပြီး ခြောက်သွေ့ ရပ်ဝန်းဖြစ်စေတယ်။ အလက်စကာ ရေခဲကန္တာရ မှာ လွန်ခဲ့တဲ့ ၃၅ နှစ်က ရေခဲပြင်ပေါ်မှာ ကားမောင်းနိုင်လောက်တဲ့ရေခဲတဲ့ရက်ဟာ တစ်နှစ်မှာ ၂၂၅ ရက် ရှိခဲ့ပေမဲ့ ယနေ့ အခါမှာတော့ ၇၅ ရက်အောက်ကို ရောက်နေပါပြီ၊ ဒါတွေ ဟာ ကမ္ဘာကြီးပူနွေးလာနေတယ် ဆိုတဲ့ သက်သေပါပဲ။

ကမ္ဘာကြီးပူနွေးလာတာကြောင့် ရေခဲကျောက်ဆောင်တွေ ပြိုကျတာနဲ့ အမျှ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှာပါ။ အကယ်
သာ အန္တာတိကတိုက်က ရေခဲကျောက်ဆောင်တွေ အရည်ပျော်သွားခဲ့ရင် ပင်လယ်ရေ မျက်နှာပြင် ပေ (၂၀) အထိ မြင့်တက်လာနိုင်ပါတယ်။ ဂရင်းလန်း မှာဖြစ်ခဲ့ရင် လဲ ထို့ နည်းတူပါပဲ။ ဖလော်ရီဒါ ဆန်ဖရန်စစ္စကို တို့ မှာ အခုလို ဖြစ်သွားနိုင်ပါတယ်။ ကမ္ဘာ့ ကုန်သွယ်မှု ဗဟို အထိမ်းအမှတ်နေရာ ဟာလဲ ရေအောက်ထဲ ရောက်သွားမှာပါ။ နယ်သာလန်လို အနိမ့်ပိုင်းတိုင်းပြည်တွေကလဲ လုံးဝ ဥသုံ ပျက်ဆီးသွားမှာပါ၊ ဘေဂျင်း ပတ်ဝန်းကျင်က လူ (၁၀) သန်းကျော်၊ ရှန်ဟိုင်းတစ်ဝိုက်က လူ သန်း (၄၀) ကျော်၊ ကာလကတ္တားနဲ့ အရှေ့ ဘင်္ဂလားဒေ့ရှ်က လူ သန်း (၅၀) ကျော် နေထိုင်ပါတယ်။ ဒီလိုလေဘေးကြောင့် ဒုက္ခသည် လူပေါင်း သန်းနဲ့ ချီပြီး ရွှေ့ ပြောင်းနေထိုင်ရမဲ့ အဖြစ်ကို မှန်းကြည့်ပါဦးနော်.. ဘုရား၊ ဘုရား၊ ဒါတွေကို လျစ်လျူရှု ပြီး ရှင်ဂွိတို့ မိုက်တွင်း နက်နေကြတုန်းပါ။ ဥပမာ တရုတ်ပြည်မှာ လူဦးသန်း ၁၃၀၀ အတွက် လောင်စာ စွမ်းအင် ပိုမို လိုပါလာတယ်။ အကျိုးအမြတ်များတဲ့ မီးသွေး လုပ်ငန်းအတွက် ခုတ်ထွင်တဲ့ သစ်ပင် အရေအတွက် ဟာ အတော်ကို များပြားလှပါတယ်။ ဓါးသွားထက်က ပျားရည်စက်လိုပါပဲ။ ရလိုက်တဲ့ အမြတ်အစွန်းက ပျားရည်စက်ပေမဲ့ နောက်ဆက်တွဲ ပြသနာတွေက ဓါးသွားထက် ပိုချွန်ရှပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ကလေးတွေ အမြောက်အများ မွေးလိုက်ပါတယ်။ baby booming လို့ ခေါ်ကြတယ်။ အဲဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲ အနေနဲ့ က လူဦးရေ ဟာ သန်း (၂၀၀၀) ကို ဖြစ်သွားစေတယ်။ လူဦးရေ တိုးပွားမှု နှုံးဟာ ပိုမို မြင့်တက်လာခဲ့တယ်။ အခုဆို လူဦးရေ သန်း (၆၅၀၀) ဖြစ်နေပါပြီ။ ဒီလူသားတွေရဲ့  အစားအသောက်လိုအပ်ချက်၊ ရေလိုအပ်ချက်၊ အခြားလိုအပ်ချက်တွေ ပိုမိုများပြားလာတာနဲ့  အမျှ ကမ္ဘာမြေကြီးရဲ့ ထိခိုက်လွယ်တဲ့ သယံဇာတ အရင်းအမြစ်တွေကို ဖိအားပေး ရယူလာပါတယ်။ ပိုဆင်းရဲ တဲ့ နိုင်ငံတွေမှာ ပိုထိခိုက်ပါတယ်။ ရှင်ဂွိတို့  တိုင်းပြည်ကိုပဲကြည့်လေ၊ ပိုက်ဆံမရှိတဲ့အတွက် သစ်တောတွေကို ခုတ်ရောင်းရတယ်။ ရာသီဥတု မမျှမတ ဖြစ်စေတယ်။ ရှင်ဂွိတို့ ဆီက ထွက်တဲ့ ရေနံသဘာဝဓါတ်ငွေ့ ကို ရှင်ဂွိတို့  မသုံးနိုင်ဖူး။ ရှင်ဂွိတို့ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ ကြီးတွေမှာတောင် လျှပ်စစ်မီး ပုံမှန်မရဖူး။ အဲဒီတော့ ထင်းကို လောင်စာအဖြစ်သုံးရတယ်။ သစ်တော ခုတ်ထွင်မှု ပိုများလာတယ်။ ရှင်ဂွိတို့ ဆီက ရေနံ သဘာဝ ဓါတ်ငွေ့ တွေ ကျတော့ ထိုင်း၊ တရုတ်၊ တောင်ကိုးရိယား အစရှိတဲ့ တိုင်းပြည်က ရေနံ ကုမ္ပဏီကြီးတွေက လက်ဝါးကြီး အုပ် ထားတယ်။ ဒါတွေ ဟာ မျက်မြင်ပဲလေ။

တိုးတက်လာတဲ့လူသားစွမ်းအင်ကို အသုံးချတဲ့နေရာမှ နောက်ဆက်တွဲဖြစ်လာမဲ့ အကျိုးဆက်ကို စဉ်းစားဖို့  မစ္စတာ အယ်ဂိုးက ရှရုားမှာ ဖြစ်ပျက်ခဲ့တဲ့ ဥပမာလေးကို ပြပြီးပြောသွားခဲ့ပါတယ်။ အာရှအလယ်ပိုင်းက မြစ်နှစ်စင်းဟာ အာရယ်ပင်လယ်ထဲကို စီးဝင်ပါတယ်။ အာရယ်ပင်လယ်ဟာ ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံးကုန်းတွင်းပင်လယ် တစ်ခု ဖြစ်ခဲ့တာပါ၊ ဒါပေမဲ့ အဲဒီ မြစ် (၂) စင်းကို ဆိုဗီယက် ယူနီယံက ၀ါစိုက်ခင်းတွေဆီ ရေသွယ်ဖို့ မဆင်မခြင် မြစ်တွေကို လမ်းလွှဲခဲ့တဲ့အခါ ဆည်မြောင်းဖောက်လိုက်တဲ့ အခါမှာ ကုန်းတွင်းပင်လယ်က ခမ်းပြီး သဲသောင်ထွန်းသွားပါတယ်။ ငါးဖမ်းလုပ်ငန်းရဲ့ အကျိုးဆက် ဘယ်လို ဖြစ်သွားမလဲ။
ရှင်ဂွိတို့ အားလုံးရဲ့ စုပေါင်းအာရုံကြောစနစ်ဟာ ဖားတစ်ကောင်ရဲ့ အာရုံကြောစနစ်လိုပါပဲ။ ဖားတစ်ကောင်ဟာ ဆူပွက်နေတဲ့ ရေနွေးအိုးထဲကို ခုန်ဝင်မိတဲ့အခါ ချက်ချင်း ပြန်ခုန်ထွက် လာပါလိမ့်မယ်။ ပူတယ်ဆိုတဲ့ အန္တရာယ်ကိုသိလိုက်လို့ ပါ။ ခပ်နွေးနွေးပဲရှိတဲ့ အိုးထဲ ၀င်လိုက်တဲ့အခါ ဖားဟာခံနိုင်ပါတယ်။ အပူချိန်ဟာ တဖြေးဖြေး မြင့်တက်လာပြီး ဆူမှတ်ကို ရောက်လာရင်တောင် ဖားဟာ မရွေ့ ပဲဆက်ထိုင်နေမှာပါ။
ဖားက အပူချိန်ကို ကျင့်သား ရသွားလို့ ပါတဲ့။ ဖားကို ကယ်တင်ဖို့ အရေးကြီးပါသတဲ့။ အင်း ကောင်းပဲ ကောင်းသေးရော့။ မစ္စတာ အယ်လ်ဂိုးကတော့ ကမ္ဘာကြီးပူနွေးလာခြင်းကို လူတွေ မတုန့် ပြန်တာနဲ့  ပတ်သက်ပြီး ပြောလိုက်တာလေးပါ။ အင်း ရှင်ဂွိကတော့ ဒီလိုတွေးတယ်။ ရှင်ဂွိတို့ မြန်မာပြည်ထဲက လူတွေ ကရော ဒီဖားနဲ့ ဘာထူးလို့ လဲ။ တဖြည်းဖြည်း ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ မတရားမှုတွေ လာဘ်စားမှုတွေ မြင်တွေ့  နေပေမဲ့ ရိုးနေပြီလေ။ ဒီလို အုပ်ချုပ်မှုအောက်မှာပဲ နေသားတကျ နဲ့ ။ တစ်နေ့ ထက် တစ်နေ့ ပိုဆင်းရဲ မွဲတေလာတာလဲ ဂရုမစိုက်။ အရင်က စားခဲ့ရတဲ့ အစားအသောက် အရည်အသွေးနဲ့  မတူတော့ပဲ ယနေ့ ရနေတဲ့ အစား အသောက်ရဲ့ အရည်အသွေး တဖြည်းဖြည်း နိမ့်ကျလာတာကိုလဲ မသိ။ ကလေးတွေ ပညာရေး တစ်စစ နဲ့ နိမ့်ဆင်း လာတာကလဲ အရေးမကြီး။ တစ်နေ့  တစ်နေ့  ၀မ်းတခါး အတွက် ရုန်းကန်ရင်း တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ ပြောင်းလဲမှုတွေ၊ အခြား တိုင်းပြည်တွေမှာ ဖြစ်ပေါ်နေတဲ့ တိုးတက် မှုတွေကို သတိမမူနိုင်တဲ့ အခြေအနေ သက်သက်ပါပဲ။

နောက်တစ်ချက် ရုပ်ရှင်ထဲမှာ ဖော်ပြသွားတဲ့အချက် တစ်ခု ကို အလွန်သဘောကျမိပါတယ်။ လူတွေ က ကိုယ့် ကို မထိခိုက် သေး သရွေ့ မနာတတ်ဖူး ဆိုတဲ့ အချက်ကလေးပါပဲ။ မစ္စတာ အယ်လ်ဂိုး အဖေ မှာ ဆေးရွက်ကြီးခြံ ရှိပါတယ်။ ဆေးလိပ်နဲ့  အသက်မွေးဝမ်းကျောင်း တဲ့သဘောပါ။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်စေတယ် လို့  တွေ့ ရှိချက် တွေ ထွက်ပေါ်လာတာလဲ အလေးမထားခဲ့ပါဘူး။ ဆေးရွက်ကြီးလုပ်ငန်းကို လုပ်မြဲလုပ်ဆဲပါပဲ။ မစ္စတာ အယ်လ်ဂိုးရဲ့ တစ်ဦးတည်းသော အစ်မ အဆုတ်ကင်ဆာနဲ့  အသက်ဆုံးရှုံးတော့မှ မစ္စတာ အယ်လ်ဂိုး အဖေ အမြင်မှန်ရပါတယ်။ ရှင်ဂွိတို့ ရဲ့ တိုင်းပြည်မှာ အရေးပါ အရာရောက်တဲ့ သူတွေကရော ဘယ်တော့မှ နောင်တရကြ မှာလဲ။ ဘိန်းစိုက်ခင်းတွေ။ မူးယစ်ဆေး ရောင်းဝယ်တာတွေ။ တစ်လောကပဲ ကြားလိုက်ရတာ။ မူးယစ်ဆေး အရောင်းအ၀ယ်လုပ်တာ နိုင်ငံတော် အကြီးအကဲ တစ်ယောာက်ရဲ့ သားတဲ့။ ဟော သူတို့  အချင်းချင်း ဖြုတ်ထုတ်သတ်ချင်တော့ မှ အဲဒီကိစ္စ ပေါ်လာတယ်။ အရင်ကရော ဘာလို့  မသိရတာလဲ။ ဒါက တစ်ခုပဲရှိသေးတယ်နော်။ တခြား ကိစ္စတွေ ရှိသေးတယ်။ တိုင်းပြည်ရဲ့  သယံဇာတ ကို သွေးစုပ် ရောင်းချနေတာတွေရော။ ပြောရရင် အများကြီးပါ။ ကိုယ့် သိက္ခာ ကို ကိုယ်ပဲ ရှက်ဖို့ လိုပါတယ်။

ဒီအစက်ကလေးဟာ ရှင်ဂွိတို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးပါ။ အာကာသကနေ မိုင် သန်း ၄၀၀၀ အကွာကနေရိုက်ထားတာပါ၊ ဒီကမ္ဘာမြေပေါ်မှာပဲ အောင်မြင်မှုအားလုံး ပူဆွေး ၀မ်းနည်းဖွယ်ရာအားလုံး၊ စစ်ပွဲအားလုံး၊ ငတ်မွတ်ခေါင်းပါးမှုအားလုံး၊ အဓိက ကျတဲ့တိုးတက်မှုတွေ အားလုံးဖြစ်ခဲ့ပါတယ်။ ရှင်ဂွိတို့ အားလုံးနေထိုင်တဲ့ တစ်ခုတည်း သောအိမ်ပါ။ ဒီကမ္ဘာမြေပေါ်မှာ ယဉ်ကျေးတဲ့ လူ့ အဖွဲ့ အစည်းအဖြစ် အနာဂတ်မှာ တည်ရှိနေဖို့ ရှင်ဂွိတို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီလိုပါပဲ။ ကမ္ဘာမြေကြီးပေါ်က အမိမြန်မာပြည် အောင်မြင်ဝင့်ကြွားစွာ အနာဂတ်မှာရပ်တည်သွားနိုင်ဖို့ ရှင်ဂွိတို့  အားလုံးမှာ တာဝန်ရှိပါတယ်။


ဇာတ်ကားရဲ့ နောက်ဆုံးပိတ် အသိမ်းမှာ ပြောကြားခဲ့တဲ့ စကား တစ်ခုပါ၊ သိပ်ကောင်း ပါတယ်။ ပြတင်းတံခါးကို ဖွင့်ပြီး ကြည့်ကြည့်ပါ။ ဒါဟာ သင်တို့ ဆက်လက်နေထိုင်ရမဲ့ အနာဂတ်ပါပဲ။ အကယ်၍ အနာဂတ် မျိုးဆက်သစ်တွေက “ကျွန်တော်တို့ မိဘတွေ ဘာတွေ စဉ်းစားခဲ့ကြသလဲ။ သူ တို့ မှာ အခွင့်အရေးတစ်ခု ရှိနေခဲ့တဲ့ အချိန်မှာ ဘာဖြစ်လို့  မနိုးထခဲ့ကြတာလဲ။ ” ဆိုတဲ့ မေးခွန်းများကို တစ်နေ့ မှာ မေးလာကြနိုင်ပါတယ်။ သူတို့  ဆီက မေးခွန်းကို အခု ရှင်ဂွိတို့ တွေ ကြားသင့်ပါတယ်တဲ့။ အင်း ရှင်ဂွိတို့ လဲ နောင်လာနောက်သားတွေ အဲဒီလို မေးခွန်းများ မမေးလာနိုင်အောင် လုပ်သင့်တဲ့အလုပ်များ ကို ယနေ့ ပဲစတင် လုပ်ဆောင်ကြပါစို့ လားနော်။

No comments: