Thursday, July 10, 2008

အဆင်မပြေနိုင်တဲ့ အမှန်တရားများ (၁)

ရှင်ဂွိ က ပွဲကြိုက်သလို ရုပ်ရှင်လဲ သိပ်ကြိုက်ပါတယ်။ ဒီနေ့ တော့ ကြည့်မိတဲ့ ရုပ်ရှင်ကားတွေ ထဲက စိတ်ထဲမှာ စွဲထင်ကျန်နေခဲ့တဲ့ တခြားသူတွေကို မျှဝေချင်တဲ့ ဇာတ်ကားလေး တစ်ခု အကြောင်း နဲ့  ရုပ်ရှင်ကြည့်ရင်း ရလာတဲ့ ခံစားချက် ကလေးများကို ပြောပြပါရစေ။ အဲဒီ ရုပ်ရှင်ကား က ‘An inconvenient truth’ အဆင်မပြေနိုင်သော အမှန်တရား တစ်ခု လို့ အဓိပ္ပါယ် ရတဲ့ ဇာတ်ကားလေး ပေါ့။

အဲဒီရုပ်ရှင်ကားဟာ အမေရိကန် နိုင်ငံ ဒုတိယ သမ္မတဟောင်း အယ်ဂိုး ရဲ့  တင်ပြချက်တွေကို စုစည်းထားတဲ့ ရုပ်ရှင်ကားလေး တစ်ခုပါ၊ ၂၀၀၆ ဆန်းဒန့်  ရုပ်ရှင်ပွဲတော်မှာ စတင် ပြသခဲ့ပြီး ထိုနှစ် နိုဝင်ဘာလ ထဲမှာ ဒီဗွီဒီ အခွေအနေနဲ့ ဖြန့်  ဝေခဲ့တာပါ။ ငါ အိပ်မောကျနေရာမှ နိုးထဖို့  လိုနေပီ ဆိုတဲ့သီချင်းအတွက် အကောင်းဆုံးသီချင်း၊ ရုပ်ရှင်ကားအတွက်က အကောင်းဆုံး မှတ်တမ်းတင် ဇာတ်ကား အနေနဲ့  အကယ်ဒမီ ဆု ဆွတ်ခူးခဲ့ပါတယ်။ မစ္စတာ အယ်ဂိုး ကတော့ နိုင်ငံတကာဆိုင်ရာ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားတဲ့ အဖွဲ့ နဲ့  အတူ ပူးတွဲပြီး ၂၀၀၇ အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရခဲ့ပါတယ်။

ဇာတ်လမ်း စစချင်းမှာ အေးချမ်းလှတဲ့ သဘာဝ ပါတ်ဝန်းကျင် မြင်ကွင်းတွေနဲ့  ကမ္ဘာမြေကြီးမှာ အေးချမ်း သာယာမှုတွေနဲ့ ပြည့်နေပေမဲ့ တစ်ချို့ ပြောင်းလဲမှု တွေကို သတိ မမူမိပဲ မေ့လျော့နေတဲ့ အကြောင်း နောက်ခံစကားပြောလေးနဲ့  စတင်ဖွင့်သွားပါတယ်။

အဲဒီနောက်မှာ ကမ္ဘာ မြေကြီးကို အာကာသ မှ မြင်ရပုံကို ပြရင်း လူသားတွေက ကမ္ဘာမြေ အပေါ် စိတ်ဝင်စားမှု ဘယ်လို တိုးတက်လာ တယ် ဆိုတာ ကို အစပျိုး လိုက်တယ်။







တဆက်ထဲမှာပဲ မစ္စတာ အယ်လ်ဂိုး ရဲ့  ၆ တန်းတုန်းက အတန်းဖော်တစ်ယောက် က တောင်အမေရိက တိုက်ရဲ့ အရှေ့ ဖက် ကမ်းရိုးတန်း အနားသတ်နဲ့  အာဖရိကတိုက်ရဲ့  အနောက်ဖက် ကမ်းရိုးတန်း (၂) ခု

ဆက်စပ်နေသလားလို့ မေးခဲ့တဲ့ ကျောင်းသားကို ပြက်ရယ် ပြုခဲ့တဲ့ဆရာ ဟာ လက်ရှိမှာ ရာထူးကြီးကြီး နေရာ ကောင်းကောင်းရနေပေမဲ့ ကျောင်းသား ကတော့ ဆေးသမား အဖြစ် နဲ့  ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မဖြစ်ပဲ ဘ၀ ကို အဆုံးသတ်သွားတာကို နှိုင်းယှဉ် ပြောဆို သွားပါတယ်။ တကယ့်ကို စဉ်းစားစရာ ကောင်းတဲ့ အချက် တစ်ခုပါ။
တကယ်တမ်း ကျောင်းသားငယ် တွေးထင်ထားတာ က အမှန်ဖြစ်နေပြီး ဆရာ ယူဆထားတဲ့ အယူအဆ ဟောင်း က မှားနေတာ နောက်ပိုင်းမှာ သက်သေ တွေ ရှိလာပေမဲ့ အချိန်ဟာ နှောင်းခဲ့ပါပြီ။ လူငယ်တွေရဲ့  တွေးခေါ်နိုင် စွမ်းအားကို သမားရိုးကျ အယူအဆဟောင်းနဲ့  ပိတ်ဆို့  တားဆီး ထားတဲ့ အတွက်ကြောင့် တွေးခေါ်မြော်မြင်မှု ရှိတဲ့ တိုင်းပြည် (ကမ္ဘာ မြေကြီး) ကို အကျိုးပြုနိုင်မဲ့ လူငယ် တစ်ယောက် ဆုံးရှုံးသွားတာကို အမှတ်မထင် သင်ယူ လိုက်ရပါတယ်။ ရှင်ဂွမ်းဂွိ လဲ ကိုယ်တွေ့ အဖြစ်အပျက်နဲ့  ပြန်နှိုင်း ကြည့်မိတယ်။

ရှင်ဂွိတို့  ငယ်ငယ်က ဆရာ ဆရာမ ဆို သိပ်ကြောက်ရတာ။ လူကြီး တွေ မိဘတွေကို လဲ သိပ်ကြောက်ရတာပဲ။ လူကြီးပြောတာ အမှန်ပဲ။ မေးခွန်း ထုတ်ရင်လဲ ဒီကလေး ပေါက်ပေါက်ရှာရှာ သိပ်မေးတာပဲ လို့  အပြောခံ ရတတ်တယ်။ နောက်ပြီး လူကြီး ပြောတာ အမှန်။ လူကြီးကို ခံပြောရင် အာပဲ့တတ်တယ်...အစရှိတာတွေ ကို အမြဲကြားခဲ့ဖူးပါတယ်။ ကလေး တွေ ရဲ့ တွေးခေါ်မှုကို အားပေးတဲ့ မိသားစု ၀န်းကျင်ဆိုတာ သိပ်မရှိ လှပါဘူး။ အလိုလိုက်ခံထားရတဲ့ ကလေး အနည်းစုမှာပဲ ဒီ အခွင့်အရေး ရနေ ပါတယ်။ (အနောက် နိုင်ငံက ကလေးတွေ က ပို အခွင့်အရေး ရပါတယ်။ လူမကြောက်ပဲ ပြောရဲဆိုရဲ ရှိတာကို ပိုတွေ့  ရပါတယ်။) ဒီ အခြေအနေရဲ့  နောက်ကွယ် မှာ ဘာဖြစ်လာသလဲဆိုတော့ ကလေး တွေက တွေးဖို့  ၀န်လေး လာပါတယ်။ ပြန်လှန် မေးခွန်း မထုတ်ချင်တော့ဘူး။ လူကြီး တွေ ပြောတာကို ပြန်လည် မသုံးသပ်တော့ပဲ လူကြီးက ပြောနေတာပဲ အမှန်ပဲ ဖြစ်မှာပါပေါ့ ဆိုတဲ့ အလွယ်တကူ လက်ခံလိုတဲ့ အတွေးမျိုးတွေ ပိုလာပါတယ်။ နောက်ဆုံး မှာ ကိုယ့်ဦးနှောက်ကို အသုံးချတဲ့ အလေ့ အထ ကိုယ်ပိုင် စဉ်းစားတွေးခေါ်တဲ့ အလေ့ အထ မရှိသလောက် လျော့ကျလာတာပေါ့။ ဒီကလေးတွေဟာ တဖြည်းဖြည်း ကြီးလာတော့ လုပ်ငန်းခွင်ထဲမှာလဲ အထက်လူကြီးစကားကို မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ ပြန် ဆန်းစစ်မဲ့အစား နားအေးအောင် လက်ခံလိုက် တာတွေ ပိုများလာပါတယ်။ လူကြီးတွေဖက်က လဲ ပြန်လှန် မေးခွန်းထုတ် တဲ့သူ မရှိတော့ ငါထင်တာ အမှန်ပါပဲဆိုပြီး တဖက်သတ် ယူဆချက် တွေကြောင့် ဆုတ်ယုတ်မှုတွေ ပိုများနိုင်တယ်လေ။ ရှင်ဂွိတို့  တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်တဲ့ နေရာမှာ ဒီအချက်တွေကို သတိပြု စေချင်ပါတယ်။ နောက်ထပ် ဖြစ်နေတာ တစ်ခု က ပြန်သုံးသပ် ဝေဖန်တဲ့ အောက်လက် ငယ်သားကို မကြိုက်ပဲ ဖိနှိပ်တာမျိုးတွေ လဲ နေရာ အနှံ့  မှာရှိပါတယ်။ အထက်လူကြီး နဲ့  အောက်လက် ငယ်သား အမှန်အမှား ငြင်းတဲ့အခါ အများစုက နှာစေးနေတယ်။ ဘာမီတွန် သောက် ပျောက်တယ် လေကွယ်၊ ဘာမီတွန်လေး များ မရနိုင် တော့ ဘူးလား။ နဲနဲ လေး အသံလေးထွက်ကြပါဦး။ အမှန်တရားကို အာဏာနဲ့ ဖိနှိပ်လို့ ရတယ်တဲ့လား၊ အမှန်ကို မှန်တဲ့အတိုင်း မပြောရဲတော့ဘူးလား။ ပြောလို့ မဖြစ်တော့ဘူးလား၊ အမှန်တရားဆိုတာ ဒီလောက မှာ မရှိတော့ဘူးလား။ ဒီအတိုင်းပဲ ရေစုန်မျောကြမှာလား။

ရှင်ဂွိလဲ တွေးမိတွေးရာတွေးလိုက်တာ ရုပ်ရှင်ဇာတ်လမ်းတောင် ဘယ်ရောက် သွားပါလိမ့်။ အဲအဲ ဟုတ်ပီ… အဲဒီ သူငယ်ချင်းအကြောင်းပြောရင်းနဲ့  မစ္စတာ အယ်လ်ဂိုး ညွှန်းဆိုလိုက်တဲ့ ရှေး အဆိုအမိန့်  တစ်ခု က ‘ကျွန်တော်တို့ ကို ပြဿနာ ဖြစ်စေတာက ကျွန်တော်တို့ မသိကြလို့  မဟုတ် ပါဘူး။ ကျွန်တော်တို့ သေသေချာချာသိတယ် လို့ ထင်ထားတဲ့အချက်တွေ က မှားယွင်းနေလို့ ပါ‘ တဲ့… အိုး ကောင်းလိုက်တဲ့ စကား၊ ပညာရှိတွေများ ပြောတတ်လိုက်တာ။ အဲဒီလို အဖြစ်မျိုး လက်တွေ့  ဘ၀ထဲမှာ အများကြီးပါ။ ရှင်ဂွိတို့ တိုင်းပြည်မှာ နိုင်ငံရေး စီးပွားရေး ပညာရေးမှာ တိုးတက်မှုတကယ်ရှိရဲ့  လား။ ကဲကဲ..လွတ်လပ်ခွင့်မရှိတဲ့ သတင်းစာ မှာ ရေးထားတဲ့ ကမြောက်ကခြောက်တွေကို ယုံကြည်ပြီး ဒါ အမှန်ပါ လို့  ဆိုနေတဲ့ သူတွေရေ...ကိုယ်သိထားတာလေး တွေ ဘယ်လောက်အထိ မှန်ကန် သလဲ၊ မျက်စိလေး ဖွင့်ကြည့်ဖို့  လိုနေပါပြီ။ နောက်တစ်ခါ အထက် လူကြီး ပြောသမျှ အမှန်ပါ လို့  ဆိုနေတဲ့ သူတွေကိုလဲ မိမိတို့  သိထားတာ လေး တွေ ကို လက်တွေ့ နဲ့ ဘယ်လောက်အထိ ကိုက်ညီနေပါသလဲ ပြန်ဆန်းစစ်ဖို့  အတွက် သတိပေး ပါရစေ။

မစ္စတာ အယ်ဂိုး က နောက်ထပ် လွဲမှားနေတဲ့ အယူအဆ ကို ထပ်မံ ပြော သွား ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုဟာ ပြောသလောက်မဟုတ်ပါဘူး။ ကမ္ဘာ မြေကြီး က အလွန်ကြီးတဲ့အတွက် ကမ္ဘာ့  ပတ်ဝန်းကျင်မှာ ဖြစ်လာတဲ့ ဒုက္ခ ပြဿနာ တွေကို ကြာရှည်ခံစားရမှာမဟုတ်ဘူး ဆိုတဲ့ အယူအဆ မှားကို လူတွေ ထဲမှာ ရှိနေတဲ့အကြောင်းပေါ့။ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပါတ်သက်ပြီး ပြောလိုက်တာ ဖြစ်ပေမဲ့ ရှင်ဂွိကလဲ မနေနိုင်မထိုင်နိုင် ကိုယ့်တိုင်းပြည်က အချို့  သော လူတွေကို ရွဲ့ ပြောနေသလား လို့  ထင်မိပါတယ်။ ဂွိတို့ ဆီ မှာလဲ အဲဒီလို လူတွေ ရှိနေပါတယ်။ မြန်မာပြည်ကြီး မဆင်းရဲပါဘူး။ သယံဇာတ ပေါမှပေါ။ နောက်ပြီး ဒီအခုလို ဖြစ်ပျက် နေတာကိုလဲ လူတွေ က စိတ်မ၀င်စားပါဘူး။ မနေနိုင် မထိုင်နိုင် အော်နေတဲ့ သူတွေက အော် နေတာပါလို့ ပြောနေသံတွေကို ကြားမိတဲ့ အတွက်ပါ။ အထူးသဖြင့် ကိုချာပတ်တူး တို့ လို လူမျိုးတွေပေါ့လေ။ (တို့ ဗမာတွေ ဆင်းရဲ နေတယ် ဆိုတာ ပြောသလောက် မဟုတ်ပါဘူး။ မြန်မာပြည်ကြီး က သယံဇာတ အလွန်ပေါကြွယ်တဲ့အတွက် မြန်မာပြည်မှာ ဖြစ်နေတဲ့ ဒုက္ခ ပြဿနာ တွေကို ကြာရှည် ခံစားရမှာမဟုတ်ဘူးပေါ့ လေ ဟတ်လား..) ကံကောင်းလို့ ဘ၀ မှာ အဆင်ပြေနေတော့ ကျန်တဲ့သူတွေ ဘာဖြစ်နေလဲဆိုတာ မသိတော့ပါဘူး။ နိုင်ငံခြား ပညာတော်သင် လာရောက်တဲ့သူ တွေ အထဲမှာ မြန်မာပြည်က အသက် ၇၀ ကျော် အရပ်ဝတ် ၀န်ထမ်းတွေ နှစ်ပေါင်း ၃၀ ကျော် ၄၀ နီးပါး နိုင်ငံ့တာဝန် ထမ်း လာခဲ့ပြီးတဲ့အခါ ပင်စင် လစာ ဘယ်လောက်ရသလဲ ဆိုတာကို စိတ်မ၀င်စား လို့  မသိတဲ့သူတွေ ရှိပါတယ်။ မြန်မာပြည်ထဲက ကလေးငယ် တွေ အရွယ်မတိုင်ပဲ တရားမ၀င် ထိုင်းနိုင်ငံဖက် ကူး အလုပ်လာလုပ် နေရတာကို မေ့လျော့နေတဲ့သူတွေ ရှိပါတယ်။ ကမ္ဘာကြီး ပူနွေးလာတာ ငါတို့ နဲ့ ဘာဆိုင်လို့ လဲ။ မြန်မာပြည်ထဲက လူတွေ ဒုက္ခ ရောက်နေတယ် ဆိုတာလဲ ငါတို့ နဲ့ ဘာဆိုင်လို့  လဲ။ ကိုယ့်ထမင်း ကိုယ်စားပြီး ဂျီးတော် နွားကျောင်းတဲ့သူတွေ လို့ တကိုယ်ကောင်း ဆန်စွာ တွေးနေ ပြောနေတဲ့ သူတွေကို ဘယ်လိုများ စည်းရုံး လို့ ရနိုင်ပါလိမ့်… မစ္စတာ အယ်ဂိုးရေ အဖြေလေးများရှိရင် မ စ ပါဦး၊ (မေးသာ မေးရတယ်။ ရှိမယ်လဲ မထင်ပါဘူး။ ရွေးကောက်ပွဲမှာ ဒီလောက်အခြေအနေ ကောင်းနေခဲ့ တာတောင် ဘုရှ် အစ်ကို အုပ်ချုပ်တဲ့ ဖလော်ရီဒါ ပြည်နယ်မှာ မနိုင်လို့  သမ္မတ မဖြစ်ခဲ့တာ မဟုတ်ဘူးလား)။

မှတ်မှတ်ရရပေါ့နော်..။ တစ်နေ့ မှာ ရှင်ဂွိ ဘန်ကောက်မြို့ တော်ကြီးကို အလည် တစ်ခေါက် ရောက်တုန်း ညဖက် လမ်းဘေးဆိုင် တစ်ဆိုင်မှာ ထမင်းစား ပါတယ်။ အဲဒီအချိန်မှာ ပန်းလာရောင်းတဲ့ ကလေးမလေးက ၁၀ နှစ် ၁၁ နှစ်လောက်ပါ။ ရှင်ဂွိအသံ စွာကျယ်ကျယ်ကို ကြားတဲ့အခိုက်မှာ ကောင်မလေးက ဗမာမှန်းသိပြီး လှည့်ထွက်မယ် အလုပ်....ရှင်ဂွိနဲ့ အတူပါလာတဲ့ မိတ်ဆွေက အဲဒီ ကလေးမ လေးကို ဗမာမှန်း သိတော့ လှမ်းခေါ်ပြီး ဗမာလိုပြောပါတယ်။ ကောင်မလေးက ပန်းရောင်းမကုန်ရင် ပြန်လို့ မဖြစ်တဲ့အကြောင်း၊ မနက် ၃ နာရီ ၄ နာရီလောက်မှ ပန်းရောင်းလို့  ပြီးတဲ့ အကြောင်းကို ပြောပါတယ်။ ရှင်ဂွိ စိတ်မကောင်း ဖြစ်လွန်းလို့ ချက်ချင်း ချုံးပွဲချ ငိုမိတယ်။ အခြား မိတ်ဆွေ တစ်ယောက် ကိုလဲ မနေနိုင်မထိုင်နိုင် သွားရင်ဖွင့်မိတယ်။ အဲဒီ အရွယ်ခလေးလေး တွေက ပညာသင်ရမဲ့အချိန် ပညာ မသင် နိုင်ကြောင်း၊ ရှင်ဂွိတို့ ရဲ့ တိုင်းပြည် အနာဂါတ်ဟာ ယနေ့  လူငယ်များ အပေါ် မူတည်ကြောင်း၊ ရှင်ဂွိတို့ က ဒီကလေးတွေ ကို မစောင့်ရှောက် မပျိုးထောင် နိုင်ရင် နောင် တစ်ချိန် တိုင်းပြည် ဘယ်လို ဖြစ်မလဲ၊ အခု ကလေးမလေး ဆို မကြာခင် အပျိုအရွယ်လေး ရောက်တော့ မယ် တရားဝင် နေထိုင်ခွင့်ကလဲမရှိ နောက်ထပ် ဘာတွေ ဖြစ်လာမလဲ အစရှိသဖြင့် ပြောမိတဲ့အခါ အဲဒီ ရင်ဖွင့်မိတဲ့ နောက်မိတ်ဆွေ က မြန်မာပြည်မှာ လုပ်စားလဲ ရသားနဲ့  သူ့  မိဘတွေ လျှာရှည်ပြီး တရားမ၀င် ရွေ့  ပြောင်း အလုပ် လာလုပ်တာ၊ ရှင်ဂွိနဲ့ ဘာဆိုင်လဲတဲ့။ ကိုယ့်သားသမီးကို ပဲ ကောင်းအောင် မွေးရမှာတဲ့ ပြောတဲ့ စကားကြောင့် ရှင်ဂွိ ခါးခါးသီးသီးကို စိတ်ပျက်သွားရပါတယ်။ ကိုယ့်အသိုင်းအ၀ိုင်း ကွက်ကွက် ကလေး အဆင်ပြေ နေရုံနဲ့  တစ်နိုင်ငံလုံးက လူတွေ ပညာတတ်ရော ပညာ မတတ်တဲ့သူတွေ ပါ အဆင်ပြေနေပြီလို့ ထင်နေပါ သလားရှင်။ နောက်ပြီး ကိုယ်အဆင်ပြေနေရုံနဲ့  ကိုယ့်ပတ်ဝန်းကျင် အဆင်မပြေ ရင်ကော ဖြစ်နိုင် ပါ့မလား။ အိမ်ရှေ့ ပူ အိမ်နောက် မချမ်းသာတဲ့။ ရှင်ဂွိတင်မက ပါဘူး နိုင်ငံခြား ရောက်နေတဲ့သူ အတော်များများက အိမ်ပြန်ချင် တဲ့သူ ချည်းပါပဲ။ မတတ်သာလွန်းလို့  သာ ၀မ်းရေးအတွက် ကိုယ့်မြေ ကိုယ့်ရေနဲ့ ဝေးတဲ့ အရပ်မှာ စွန့် စွန့် စားစား လုပ်ရောက် အသက်မွေးနေရတာပါ၊ ပျော်လွန်းလှလို့ တော့မထင်ပါနဲ့ ။ ဘန်ကောက်ရွှေမြို့ တော်ကြီးမှာ computer programmer တစ်ယောက်ရဲ့  တစ်လ ၀င်ငွေဟာ ဘတ် ၄ သောင်းခွဲ အထက်မှာ ရှိသလို စင်္ကာပူမှာ စင်္ကာပူ ဒေါ်လာ ၃၂၀၀ အထက်မှာ ရှိပါတယ်။ အရင်းအနှီး မတတ်နိုင်တဲ့ မြန်မာပြည်က ကွန်ပြူတာ programmer တစ်ယောက်ဟာ မဲဆောက်မြို့ မှာ တရားမ၀င် လာရောက် ပြီး တရားမ၀င် အလုပ်သမားအနေနဲ့  အလုပ် လာရှာတာကို ကြုံဖူးပါတယ်။ မြန်မာပြည်မှာ ပညာတတ်တွေ အတွက် တောင် အဲဒီလောက် အလုပ်ရှားပါးရင် ပညာမတတ် တဲ့တွေ အတွက် ရော အလုပ် က ထင်သလောက် ပေါပါ့မလား၊ ရှင်ဂွိလဲ စိတ်ပျက် လက်ပျက်ပဲ အဲဒီ မိတ်ဆွေနဲ့  စကားပြောတာ ရပ်လိုက်ပါတယ်။ ပြောရတာလဲ မောလိုက်တာ (ဟုတ်ပေါင် ရေးရတာ လက်ညောင်းလိုက်တာ..) ရုပ်ရှင်ကို အကြောင်းကို နောက်နေ့  တွေမှ ပဲဆက်တော့မယ်။ မစ္စတာ အယ်လ်ဂိုးရေ… တာ့တာနော်။


No comments: